ဒလဘက်မှာ ပင်လယ်ပြင်ကိုမျက်နှာမူပြီး ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်
22 May 2017 1,314 Views
ဒလဘက်မှာ ပင်လယ်ပြင်ကိုမျက်နှာမူပြီး ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်တည်ဆောက်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအနေနဲ့စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ်မှာ မေလ ၂၀ ရက်ကကျင်းပတဲ့ ဒုတိယသမ်္မတ (၁)နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ(ဆဋ္ဌမအကြိမ်) အခမ်းအနားမှာ ပြောကြားခဲ့ ပါတယ်။
နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေတိုးလာဖို့အတွက် ရန်ကုန်မှာ အထူးစီးပွားရေးဇုန် တွေထပ်ပြီး တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ဒီလိုအထူးစီးပွားရေးဇုန်တွေတည်ဆောက်တဲ့အခါမှာ သီလ၀ါအထူးစီးပွားရေးဇုန်လို့မျိုး ဒလဘက်ကိုအခြေပြုပီး ပင်လယ်ပြင်ကိုမျက်နှာမူထားတဲ့ ဆိပ်ကမ်းနဲ့အတူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်သွားမယ်လို့သိရပါတယ်။
ဒီလိုတည်ဆောက်တဲ့အခါမှာလည်း အထူးစီးပွားရေးဇုန်ဟာ ပြည်ထောင်စုဥပဒေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပြည်ထောင်စုလွှတ်တော်ကို အဆိုပြု သွားမှာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအနီးတွင်တည်ရှိနေတာကြောင့် ဒီအချက်ကို အသုံးပြုပြီး ယူနမ်-ရန်ကုန်စင်္ကြန်လမ်းမကြီးပေါ်က ကုန်စည်တွေဟာ ရန်ကုန်ဆိပ်ကမ်းကို ထွက်သွား နိုင်ကာ ရန်ကုန်အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတကာကို ဖြန့်ကျက်သွားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။