ပြည်သူ့အိမ်ရာစီမံကိန်းအတွက်မြေနေရာအခက်အခဲတွေ့ကြုံနေရ
22 May 2017 1,295 Views
ယခင်ကတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို ပြည်သူ့အိမ်ရာစီမံကိန်းအဖြစ် ပြောင်းလဲ လုပ်ဆောင်နေတဲ့အစီအစဉ်မှာ မြေနေရာအခက်အခဲတွေတွေ့ကြုံနေရတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းတွဲဖက်အတွင်းရေးမှူး(၃)ဦးတင်အောင်မြင့်က ပြောပါတယ်။ မေလ(၁၉)ရက်ကပြုလုပ်တဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ပြည်နယ်တိုင်းနိုင်ငံလုံးဆိုင်ရာညီလာခံမှာဖြေကြားသွားတာဖြစ်ပါတယ်။လက်ရှိမှာတော့ ရန်ကုန်နဲ့ နေပြည်တော်မှာမြေနေရာတွေရရှိပြီဖြစ်တယ်လို့ဆိုပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မြေနေရာရရှိတာနဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအနေနဲ့ စတင်ဆောက်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့အနေနဲ့ မြေနေရာတွေ ထပ်မံချထားပေးဖို့လိုအပ်နေတယ်လို့ပြောဆိုသွား သလို မြေနေရာတွေနဲ့စီမံကိန်းဒေသမှာနေထိုင်မယ့်သူတွေအရေအတွက်ကိုလည်း စာရင်းကောက်ယူ နေဆဲသာဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်သူ့အိမ်ရာစီမံကိန်းအတွက် အဆောက်အအုံတွေကို တူညီတဲ့ ဒီဇိုင်းပုံစံနဲ့ဆောက်လုပ်တဲ့အခါမှာ ဘယ်စနစ်ကိုအသုံးပြုသင့်တယ်ဆိုတာအပြင် သင့်လျော်တဲ့ အထူးစီမံကိန်းကိုရေးဆွဲဖို့အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက အကြံပြုတင်ပြထားတယ်လို့လည်းသိရပါတယ်။