လူတွေစာနာမှု နဲ့ ပရဟိတစိတ်ဓါတ်တွေခေါင်းပါးကုန်ပြီလား လို့ မေးလိုက်တဲ့ ခေးဆက်သွင်
17 May 2017 1,401 Views
မေလ 13 ရက်နေ့က ခေးဆက်သွင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတစ်ခုကို သူမရဲ့ အကောင့်မှာ တင်ထားတာကိုတွေ့ရပါတယ်။ လူတွေစာနာမှုနဲ့ ပရဟိတစိတ်ဓါတ်တွေခေါင်းပါးကုန်ပြီလားဆိုပြီးတော့လဲ ရေးထားတာကို တွေ့ရပါတယ်။
“အုန်းကနဲ မြည်သံကြီးနဲ့ လူလေးယောက်လွင့်ကျသွားတာကို ခေးတို့မျက်စိရှေ့တည့်တည့်မှာ တွေ့လိုက်ရတယ်။ scene ရိုက်ဖို့ မိနစ်၂၀လောက်လိုသေးလို့ ခေးရယ် မိတ်ကပ်ဆရာတွေရယ် stylish နဲ့ တပည့်ကျော်ရယ် ဖားအံလမ်းမကြီးထိထွက်ပြီး အအေးလာသောက်ကြတာပါ။မိုင်ကုန်မောင်းလာတဲ့ဆိုင်ကယ် ၂စီး တိုက်သွားတာမြင်တော့" ဟာ တိုက်ပြီ "ဆိုပြီးပြေးထွက်သွားရင်း သွေးတွေနဲ့လဲနေတဲ့ မိန်းမတစ်ယောက်ရယ် သတိလစ်နေတဲ့ ဦးလေးတစ်ယောက်ရယ်ကို အရင်မြင်လိုက်တယ်။
ခေးလည်းပြာကနဲ ဖြစ်သွားပြီး လမ်းလည်တည့်တည့်မှာလဲနေတဲ့အမကို အရင်ပြေးထူရင်း ခေးတို့ကိုလိုက်ပို့တဲ့ ဇာတ်ညွှန်းရေးဆရာ ကိုညီရယ် ခေးရယ် မိတ်ကပ်ပိုးပိုးရယ် သုံးယောက် လမ်းဘေးကို မပြီးရွှေ့လိုက်တယ်... (ခေးကူညီပြီး လုပ်ပေးတာကို ဇမ်းတင်ပြီးရေးတာ မဟုတ်ပါ) မိတ်ကပ်ဆရာတွေကရေဗူးပြေးဝယ်ပေးကြတော့ အမကြီးရဲ့ သွေးတွေနဲ့ ဒဏ်ရာတွေကိုရေဆေးပေးရေတိုက်ပေးရင်းနဲ့ သွေးတွေနဲ့လူးနေတဲ့ ဦးလေးကိုကြည့်လိုက်တော့ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေပြီ ။ လူတွေကခေးတို့ကို မျောက်ပွဲကြည့်သလို ဝိုင်းကြည့်နေကြတယ်။ ကူညီဖို့မပြောနဲ့ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေကအစ ငဲ့ကြည့်ရုံ ကြည့်ပြီး မသေလူသားတွေလို မိုင်ကုန်ဖွင့်ပြီးဝူးကနဲ ဝေါကနဲဖြတ်သွားကြတယ်။
ဦးလေးကြီးက ဒူးခေါင်းအတွင်းက အရိုးဖြူဖြူကြီးတောင် မြင်နေရပါပြီ။ ခေးဖြင့် သနားလွန်းလို့ သူ့ဒဏ်ရာတွေကို သက်သာလို သက်သာငြားရေတွေလောင်းပေးရင်း ကားစီစဉ် ပေးကြပါ။ ဆေးရုံပို့ပေးကြပါလို့ အသားကုန်အော်မိတယ်.... လူအုပ်ထဲကတစ်ယောက်မှ မလှုပ်ကြပါဘူး ။ ခေးကို အရူးတစ်ယောက်လိုကြည့်နေကြတယ် ခေး လူနှစ်ယောက်ကို အာရုံရောက်နေတဲ့အချိန် ကျန်တော့လူနှစ်ယောက်ကို ကြည့်လိုက်တော့ တစ်ယောက်က ဆိုင်ကယ်နဲ့ပြေးသွားလို့ မတွေ့တော့ဘူး။ နောက်တစ်ယောက်က ခေါင်းဟက်တက်ကွဲကြီးနဲ့ သွေးစက်လက်နဲ့ပြေးသွားတာကို တွေ့လိုက်တယ်။
ကတ္တရာ လမ်းမပေါ်ထိတက်ပြီး သူ့နောက်ကို ခေးတစ်ယောက်တည်း ပြေးလိုက်တယ်.. ဘယ်ကသတ္တိတွေရောက်လာမှန်းလည်းမသိပါဘူး.. အခုစာရိုက်တော့ လက်ပါတုန်တယ်.. 'ဟေ့လူ မပြေးနဲ့ ဟေ့လူ ပြန်လာခဲ့'လို့ အော်ရင်း ပြေးလိုက်သွားမိတယ်။ဘာအန္တရာယ်မှ ဂရုမစိုက်နိုင်တော့ဘူး ဘုရားစူးပါဗျာ ယျောကျာ်းရင့်မာကြီးတွေမှ အုပ်လိုက်ဝိုင်းကြည့်နေကြတာ တစ်ယောက်မှပြေးမလိုက်ဘူး..လှမ်းမအော်ဘူး ပြေးမထူဘူး.. ခေးတို့လူကြမ်းအဖွဲ့ထဲအကိုကြီးတစ်ယောက်က အအေးသောက်ဖို့ထွက်လာရင်း ခေးဖြစ်နေတာမြင်တော့ ဆိုင်ကယ်တစီးပေါ်တက်ခွပြီး သူ့ကိုဂုတ်ဆွဲပြီးခေါ်လာခဲ့တယ်။
အဲ့ဒီ့အထိဆေးရုံကားမရောက်သေးဘူး... ခေးသိချင်တာက အမှုအခင်းဖြစ်မှာကြောက်လို့ မကူညီကြတာလား... လူတစ်ယောက်အသက်က အရေးမကြီးဘူးတဲ့လား... ကိုယ်နဲ့မဆိုင်သလိုနေကြတာလား..ကြောက်တာလား ဘာလဲ??????
ကိုယ်သေခါနီးဖြစ်နေတဲ့အချိန်,,,ဒါမှမဟုတ် အဲ့ဒီ့နေရာမှ ကိုယ့်မိဘညီအကိုမောင်နှမ ဆွေမျိုးသားချင်းဖြစ်နေတဲ့အချိန်လို့ တွေးကြည့်စေချင်တာ။ ခေးကို ဝိုင်းဆွဲဝိုင်းခေါ်လို့ တောထဲကရူတင်ကို ပြန်လာရပေမယ့် ဆေးရုံကားဖုန်းဆက်ထားပါတယ်ခေးရာ ရဲစခန်းကိုလည်း အကြောင်းကြားထားပါတယ် ကိုညီကတဖွဖွပြောပေမယ့် ဘယ်လိုမှ စိတ်မချနိုင်ဘူး ။ပက်လက်ကြီးသွေးတွေနဲ့သတိလစ် နေတဲ့ဦးလေး ကြောင်တောင်တောင်ဖြစ်သွားတဲ့ အမကြီး ခေါင်းကွဲကြီးနဲ့ဘောင်းဘီအင်္ကျီတွေလည်း စုတ်ပြတ်လို့ပြေးရှာတဲ့ အကို အားလုံးကို သနားလွန်းလို့ ရင်ထဲဆို့နေတယ်။
ရူတင်ရောက်လို့ ခဏနေရင်ပဲ လူနာတင်ယာဉ်ကားသံကြားတော့ ထပါခုန်ပြီး လက်ခုပ်ပါတီးမိတယ်.... အသက်အန္တရာယ်မထိခိုက်ပါစေနဲ့လို့ခုထိဆုတောင်းနေမိတယ် ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ချင်တော့ဘူး... ရန်ကုန်ပြန်ရောက်တာနဲ့ ရှေးဦးသူနာပြုသင်တန်းလိုမျိုး အရေးကြုံတဲ့အခါ ကူညီနိုင်အောင် တက်ထားရမယ် ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်တယ်” ဆိုပြီးသူမ အကောင့်မှာရေးထားတာကိုတွေ့ရပါတယ်။
Source:Sunday journal & Khay Sett thwin fb