ကျောင်းအဆောင်မှူး ရိုက်နှက်မှုကြောင့် ၁၁ နှစ်သားကလေး ခြေထောက်နှစ်ချောင်းလုံး ဖြတ်ပစ်ရ
26 Apr 2017 1,374 Views
မလေးရှားနိုင်ငံမှ ၁၁ နှစ်အရွယ် ကျောင်းသားလေးမှာ ဘာသာရေးကျောင်း အဆောင်မှူး၏ လူမဆန်စွာ ညှင်းပမ်းရိုက်နှက်မှုကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဖြတ်တောက် ရတော့မယ့် အခြေအနေကို ရောက်နေပါတယ်။
ဆရာဝန်များ၏ ပြောကြားချက်အရ ခြေထောက်အတွင်းရှိ သွေးကြောများ ဘတ်တီးရီးယားပိုးဝင်ကာ ပျက်ဆီးသွားသည့်အတွက် ပုတ်နေသော ခြေထောက်နှစ်ဖက်လုံးကို ဖြတ်ပစ်မှသာ ကလေး၏အသက်ကို ကယ်တင်နိုင်မည်ဟု ပြောဆိုခဲ့သည်။ လက်ရှိမှာ ကလေးက ကိုမာ (မလှုပ်ရှားနိုင်၊ စကားမပြောနိုင်)ဖြစ်နေပြီး သူ့ရဲ့ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာနေပါတယ်၊ ညာဘက်လက်မောင်း တစ်ခုလုံး အနာရှိန်ကြောင့် ဖူးယောင်ကိုင်းနေပါတယ်။
ဖြစ်စဉ်ရဲ့ အစကတော့ ယခုနှစ် ဇန်နဝါရီလတွင် မိခင်ဖြစ်သူဟာ ကိုတာတင်ဂီမြို့ရှိ ပုဂ္ဂလိကဘာသာရေးကျောင်း ကြော်ငြာကို ဖေ့စ်ဘွခ်မှာတွေ့ခဲ့ပြီးနောက် သူမရဲ့ သားဖြစ်သူကို အဆိုပါကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစားတက်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့လက သူမရဲ့သားကို တွေ့ဖို့ ကျောင်းကိုလိုက်သွားတဲ့အခါ ကလေးက အရမ်းအားနည်းနေပြီး၊ မောပန်းနေတာကို တွေ့ခဲ့ရပါတယ်။ သားဖြစ်သူက မိခင်ကို ပွေ့ဖက်ကာ သူ့ကို အိမ်ပြန်ခေါ်သွားပေးပါ၊ ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ၊ သူ့ကို နာကျင်အောင် နှိပ်စက်ကြတယ်လို့ ဆိုတဲ့အတွက် သူမလည်း စိတ်ပူသွားပြီး ကျောင်းက တာဝန်ရှိသူတွေကို အိမ်ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တဲ့အခါ မတ်လ ၃၁ ရက်နေ့မှာ ကလေးကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။
မွေးချင်း ငါးယောက်မှာ သုံးယောက်မြောက်ဖြစ်တဲ့ သားလေးဟာ အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ အပြင်းဖျားပါတော့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာတွေ အညိုမည်းတွေက သူ့ရဲ့ ခြေထောက်နှစ်ဖက်လုံးမှာ တစ်ဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ တစ်ကိုယ်လုံးနာကျင်မှုကို ညဉ်းညူရင်း ဆေးခန်းပြပေးရာကနေ ဆေးရုံသို့တင်ခဲ့ရပြီး အခြေအနေ ပိုမိုဆိုးလာခဲ့တာဖြစ်ပါတယ်။
ကိုတာတင်ဂီမြို့ ရဲစခန်းက စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ အသက် ၂၉ နှစ်အရွယ် ကျောင်းအဆောင်မှူးက ရေပိုက်လုံးနဲ့ ကလေးတွေကို ရိုက်နှက်ခဲ့တာ ပေါ်ပေါက်ခဲ့ပြီး ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၁(၁) နှင့် အရေးယူ ဖမ်းဆီးခဲ့ပါတယ်။
ဂျိုဟိုးခရိုင် ဘာသာရေးဦးစီးက အဆိုပါကျောင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စိစစ်သွားပါမယ်။ ဘယ်လိုပင်ဖြစ်ပါစေ ကလေးတွေကို ကျိမ်လုံးနဲ့တောင် ရိုက်ခွင့်မပြုပါဘူး အခုလို ရေပိုက်လုံးနဲ့ ရိုက်တာဆိုတော့ အတော်ကြီးဆိုးရွားသွားပါပြီဟု ပြောဆိုခဲ့သည်။
ကလေးငယ်၏ ခြေထောက်နှစ်ချောင်းလုံးကို လာမယ့် သောကြာနေ့မှာ ဖြတ်ပစ်ရမှာဖြစ်ပြီး လက်ရှိအခြေအနေမှာ ကိုမာဖြစ်နေသလို ကျောက်ကပ်ပျက်ဆီးမှုကိုလည်း ကုသနေရကြောင်း သိရှိရသည်။