ပထမဆုံး လူထုရှေ့ပြန်ထွက်လာတဲ့ အိုဘားမား
26 Apr 2017 1,357 Views
အိမ်ဖြူတော်ကနေ ဇန်န၀ါရီလမှာ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်း ဘာရက်အိုဘားမားဟာ ရှီကာဂိုက လူငယ်တစ်စုကို မျိုးဆက်သစ်ခေါင်းဆောင်ပိုင်းအတွက် ပြင်ဆင်စေလိုကြောင်း ပြောခဲ့ပါတယ်။ ၄၄ ဆက်မြောက်သမ္မတဟာ ရှီကာဂိုတက္ကသိုလ် အရပ်ဘက်တိုးတက်မြှင့်တင်ရေးဖိုရမ်မှာ လူငယ်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီပွဲမှာ ဖိတ်ကြားထားတဲ့ပရိသတ်တွေနဲ့ ရှီကာဂိုဒေသကောလိပ်တွေက အဖွဲ့ဝင် ၆ ဦး ပါအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
“ဒီတော့ ကျွန်တော် ဆင်းသွားပြီးတော့ ဘာတွေ ဆက်ဖြစ်ကြသလဲ” လို့ ပြုံးနေတဲ့သမ္မတက လိုဂန်ဝိဇ္ဇာခန်းမမှာ ထိုင်ရင်း မေးပါတယ်။ “အိမ်ကို ပြန်ရောက်ရတာ သိပ်ကောင်းပါတယ်” ရာထူးကဆင်းပြီးနောက်ပိုင်း အိုဘားမားဟာ “နောက်အလုပ်အတွက် ကျွန်တော်လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက ဘာဖြစ်မလဲ” ဆိုတာ အမြဲစဉ်းစားနေကြောင်း ပြောပါတယ်။ “ကျွန်တော် ဂရုစိုက်ရမယ့်အရာတွေ၊ ကျွန်တော်လုပ်ဆောင်ရမယ့်အရေးတွေ အများကြီးရှိနေပေမယ့် ကျွန်တော် လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက နောက်တက်လာမယ့်မျိုးဆက်သစ်ခေါင်းဆောင်တွေ ကမ္ဘာကြီးကို တစ်ထောင့် တစ်နေရာက ပြောင်းလဲပေးဖို့ သူတို့ကို ကျွန်တော်က ပြင်ဆင်ပေးဖို့ပါ” လို့ အိုဘားမားက ပြောပါတယ်။
ကျောင်းသားတွေက အသိုင်းအ၀ိုင်းစုစည်းမှုနဲ့ အရပ်ဘက်တိုးတက်မြှင့်တင်ရေးရဲ့ အရေးပါပုံတွေကို ဆွေးနွေး ခဲ့ပါတယ်။ “လူငယ်တွေကို တာဝန်ထမ်းဆောင်မှုမလုပ်နိုင်အောင်လုပ်တဲ့ အတားအဆီးတွေကို ကျွန်တော်တို့ ဖြိုချနိုင်တဲ့ နည်းလမ်းတွေရှိသလား” လို့ အိုဘားမားက ပြောပါတယ်။ “ကျွန်တော် အဲဒီအတားအဆီးတွေကို ဖြိုချပြီး ဒီမျိုးဆက်ကို ခေါင်းဆောင်မှုဆီ တက်လှမ်းနိုင်အောင် ကူညီပေးချင်ပါတယ်” သူက စီးပွားရေးမညီမှုမှု၊ နိုင်ငံ့ရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်၊ ရာသီဥတုပြောင်းလဲမှုနဲ့ သေနတ်ကိုင် အကြမ်းဖက်မှုဆိုတဲ့ ပြဿနာအများအပြားကို ဖော်ပြခဲ့ပါတယ်။ “ဒီပြဿနာအားလုံးက အရေးကြီးတယ်။ သိပ်ကြီးမားတယ်။ ဒါပေမယ့် ဖြေရှင်းလို့ မရတာမျိုး မဟုတ်ဘူး”လို့ အိုဘားမားက ပြောပါတယ်။ အိုဘားမားဟာ လက်ရှိနိုင်ငံရေးအခြေအနေကို မဆွေးနွေးခဲ့ပါဘူး။
Credit : kumudranews