ဒီနှစ်သင်္ကြန်မှာ ခွေးဖြစ်သွားလို့ ဘုန်းကြီးဝတ်ရင်ကောင်းမလား စဉ်းစားနေတဲ့ သားစိုး
08 Apr 2017 1,379 Views
နန်းတော်ရှေ့ဆရာတင်ရဲ့ သူဌေးဝါဒသီချင်းကို 'ရောသမထပ်မွှေး' စီးရီးမှာ Remix လုပ်မိတဲ့ သားစိုးက ဦးရွှေနန်းတင်မိသားစုကို ဝန်ချတောင်းပန်ပွဲကို ဧပြီ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဂီတအစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဦးနန်းဝင်းက ဂန္ထဝင်မြန်မာသီချင်းတွေကို remix မလုပ်ဘဲ သီးခြားသီဆိုဖို့လည်း အကြံပေးသွားပါတယ်။
သီချင်းရေးခလည်း ၂ သိန်းမရဘူးလို့ ဒေါ်နန်းခင်အေးက ထည့်သွင်းပြောကြားသွား တာတွေလည်းရှိတာမို့ အဲဒီပွဲအပြီးမှာ သားစိုးနဲ့ အင်တာဗျူးဖြစ်ခဲ့ပါတယ်။
မေး - သားစိုးရေဒီနှစ်သင်္ကြန်ကို ဘယ်လိုမြင်ပါသလဲ။ အဆိုတော် တော်တော်များ များ အလုပ်မရကြတော့လေ။
ဖြေ - ဒီနှစ်သင်္ကြန်ကတော့ ကျန်တော်ခွေးဖြစ်တဲ့နှစ်ပါ။ (ရယ်ပါသည်) အဲလိုပဲပြောလိုက်ချင်တော့တယ်။ ဘာကြောင့်ဆို သင်္ကြန်မှာ အလုပ်လည်းမရှိတဲ့အပြင် အားလုံးပျော်ရမယ့်သင်္ကြန် ဟာ အားလုံးညစ်ရမယ့် သင်္ကြန်ဖြစ်သွားပါပြီ။ ဒါကြောင့် ဘုန်းကြီးဝတ်ရင်ကောင်းမလား စဉ်းစားနေပါတယ်။
မေး - ခုန၊ ဒေါ်နန်းခင်အေးပြောသွားတဲ့အထဲမှာ နောက်ထပ်ကူးမယ့်အခွေတွေမှာ သူဌေးဝါဒသီချင်း ဖြုတ်ပေးပါတဲ့။ ဒီတော့ လက်ရှိရောင်းအား ဘယ်လိုရှိလဲ။ အဲဒီဂယက်ကြောင့် အရမ်းရောင်းကောင်းတယ် တော့ကြားတယ်။
ဖြေ - ပထမကူးထားတဲ့ ၁၅၀၀ ကုန်ပါစေလို့ ဆုတောင်းနေရတာပါ။ ထပ်ကူးရင် အဲဒီသီချင်းဖြုတ်ပေးလို့ရ ပါတယ်။ ကျန်တော်အတွက် အခက်အခဲမရှိပါဘူး။ ကတိလည်းပေးပါတယ်။ ဒါပေမယ့် မူရင်းအခွေက မရောင်းရလို့ စိတ်ညစ်နေတာ။ မူရင်းက တစ်ပြည်လုံးရောင်းတာ တစ်ထောင်တောင်မကုန်သေးပါဘူး။
မေး - မြန်မာသံသီချင်းတွေကို remix လုပ်နေတာ အတော်ကြာပြီနော်။ ဘယ်နှပုဒ်လောက်ရှိသွားပြီလဲ။ မနှစ်ကထွက်သွားတဲ့စီးရီးမှာပါတဲ့ အောင်ပါစေတုန်းကတော့ ဘာပြဿနာမှ မရှိလိုက်ဘူးနော်။
ဖြေ - ကျန်တော် မြန်မာသံသီချင်းတွေကို remix လုပ်တာ တစ်ခွေမှာ အနည်းဆုံး ၃-၄ ပုဒ်ပါတယ်။ ၁၀ ခွေ နဲ့တွက်ရင်တောင် အပုဒ် ၄၀ လောက်ရှိပါပြီ။ ဘဘရွှေမန်းတင်မောင်ဆိုတဲ့ အောင်ပါစေ သီချင်းကို တေးရေးမိသားစုက လိုလားစွာနဲ့ရောင်းခဲ့တာပါ။ remix လုပ်တာကိုလည်း ကြိုက်တဲ့မိသားစု ဖြစ်ပါတယ်။ တခြားသီချင်းတွေ လုပ်ပါလို့တောင် ပြောပါသေးတယ်။ ကျန်တော်ထည့်တဲ့ ရက်ပ်စာသားကိုလည်း သူတို့ဆီကို ပို့လိုက်ပါသေးတယ်။ လက်ခံလို့ထွက်ခဲ့တာပါ။
မေး – ရောသမထပ်မွှေထဲက သီချင်းဟောင်း ၃ ပုဒ်မှာ နဂါးနီလည်းပါတယ်နော်။ အဲဒီအကြောင်းလည်း ပြောပြပါဦး။
ဖြေ - နဂါးနီသီချင်းမှာ စာသားဖြတ်တောက်ထားတာလည်း မရှိပါဘူး။ ဒါပေမဲ့ အခုပြဿနာဖြစ်တဲ့ သူဌေး ဝါဒသီချင်းမှာကျတော့ ကျန်တော်က သီချင်းရဲ့အဓိပ္ပာယ်၊ သီချင်းရဲ့ ဖြစ်တည်မှုကို သေချာနားမလည် လိုက်တာကြောင့်ပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် သွားတွေ့ခဲ့ရင်လည်း အန်တီနန်းခင်အေးတို့က ဒီလို မလုပ်သင့်တဲ့အကြောင်း ရှင်းပြကြမှာပါ။ အစအဆုံးထည့်ဆိုလည်း ထည့်မှာပါပဲ။ ကျွန်တော်ကိုယ်တိုင် မသွားလိုက်တဲ့အတွက် ပြဿနာပိုရှုပ်သွားခဲ့တာပါ။
မေး - ဟုတ်ပါပြီ။ ခုန၊ ဒေါ်နန်းခင်အေးပြောတဲ့အထဲမှာ သီချင်းရေးခ၊ အနုပညာကြေး ၂ သိန်းမရဘူး လို့လည်းပြောတယ်။ ဘယ်သူဘတ်လိုက်တာလဲ။
ဖြေ - မန်နေဂျာကနေ တစ်ဆင့် တစ်ဆင့်ခံလိုက်တဲ့အခါ ဇာတ်လမ်းနည်းနည်းရှုပ်သွားတာလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်မဆိုးပါဘူး။ ဘာကြောင့်ဆို ဒီလိုမျိုးပြဿနာတွေ ကျန်တော်အနေနဲ့ များစွာကြုံ တွေ့ခဲ့ရပြီးဖြစ်လို့ပါ။ ကျွန်တော် ပေါ့လျော့မှုအပေါ် အန်တီဒေါ်နန်းခင်အေးမိသားစုကို တောင်းပန်ပါတယ်။
မေး - ဦးနန်းဝင်းက သားစိုးကို မြန်မာသံသီချင်းဆိုဖို့ တိုက်တွန်းသွားတယ်။ ဒီတော့ remix ကိုသားစိုး မြန်မာသံပြန်ဆိုတေးသီချင်းများ ဆိုဖို့ အစီအစဉ်ရှိ မရှိ။
ဖြေ - (ရယ်ပါသည်) ကျန်တော်ကို ဂီတလောကမှာ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တဲ့အတွက် ဦးနန်းဝင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလောက်ကောင်းတဲ့ သီချင်း၊ အနှစ်ရှိတဲ့သီချင်းတွေ ဘာကြောင့်ပြန်မဆိုကြတာလဲလို့ အကြိမ်ကြိမ်တွေးမိခဲ့တာပါ။ အီလက်ထရောနစ်ခေတ်က ကျန်တော်အတွက် ပြီးသွားပါပြီ။ ၁၀ နှစ်လောက်ဆိုတော့ အတော်လေးလည်း ရိုးလာပါပြီ။ ဒုန်းဒုန်းဒုန်းတွေ မလုပ်ချင် တော့ဘူး။ ဒါကြောင့် တိုက်ဆိုင်မှုလည်းရှိနေတာကြောင့် မြန်မာသံဆိုပါတော့မယ်။
မေး - ရောသမထပ်မွှေးက ဒီဂယက်ကြောင့် ပိုရောင်းရတယ်ဆို။
ဖြေ - မူရင်းရောင်းရတာမဟုတ်ပါဘူး။ ခိုးကူးရောင်းရတာပါ။ သန်လျင်ကို ရိုက်ကူးရေးသွားတဲ့အခါ ရောသမထပ်မွှေးသီချင်းတွေ ဖွင့်နေတာ ဝုန်းဒိုင်းကိုကျဲနေတာပါပဲ။ ၂၀၁၅ မှာ အာလူးသာကူးနှာဗူးဂန်ထူး စီးရီး ထွက်တုန်းက ခိုးကူးဖမ်းတဲ့အချိန်နဲ့ တိုက်နေတော့ မူရင်း ၆ ထောင်ကျော် ရောင်းခဲ့ရပါတယ်။ အခုစီးရီးလုပ်တာ၊ ကျပ်သိန်း ၁၀၀ ကျော်ကုန်ပေမယ့် တစ်ထောင်ကျော် မရောင်းရပါဘူး။ ခိုးကူးဖမ်းတာနဲ့ မဖမ်းတာ အရမ်းကွာပါတယ်။ အဆိုတော်တွေ စည်းလုံးရမယ်။ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်ကို အမြန်တင်ဖို့ကြိုး စားသင့်ပြီလို့ ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီ ၅ ရက်နေ့မှာတော့ သားစိုးက ၁၉ လမ်းမဏ္ဍပ်မှာ ဖျော်ဖြေခွင့်ရလိုက်တဲ့အတွက် ဒီနှစ်သင်္ကြန်မှာ သူခွေးမဖြစ်တော့သလို ဘုန်းကြီးလည်း ဝတ်ဖြစ်မှာ မဟုတ်တော့ပဲ ၁၉လမ်း၊ min မဏ္ဍပ်မှာ သင်္ကြန်သီချင်းများစွာကို အားပါးတရ သီဆိုဖျော်ဖြေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Credit:morning post journal