အလုပ် ရသွားတဲ့ Galaxy Note 7 ဖုန်းများ
04 Apr 2017 1,448 Views
Samsung က ဘက်ထရီ မီးလောင်မှုကြောင့် ပြန်သိမ်းလိုက်ရတဲ့ Galaxy Note 7 ဖုန်းများကို ဒီအတိုင်း မထားပါဘူး။ ကုမ္ပဏီက သူတို့ကို အလုပ်တာဝန်တစ်ခု ပေးထားပါတယ်။ အဲဒါကတော့ ဘက်ထရီ လုံခြုံရေး စောင့်ကြည့်သူ အလုပ် ဖြစ်ပါတယ်။Samsung က Mashable မှ Pete Pachal အပါအ၀င် အခြား ဂျာနယ်လစ်များအား တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂူမီမှာ ရှိတဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်း စက်ရုံနဲ့ ဘက်ထရီ စမ်းသပ်တဲ့ စက်ရုံကို ခေါ်ပြခဲ့ပါတယ်။
အဲဒီမှာ Note 7 ပြဿနာ ဖြစ်ပွားပြီးနောက် ကုမ္ပဏီ ဖန်တီးလိုက်တဲ့ အဆင့် ၈ ဆင့်ဖြင့် ဘက်ထရီ စစ်ဆေးတဲ့ ဌာနကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ စမ်းသပ်မှု အဆင့်တစ်ခု ဖြစ်တဲ့ Charging/Discharging မှာ Galaxy S8 Phones များကို USB ကြိုးဖြင့် ချိတ်ဆက်၍ အားသွင်းထားပါတယ်။ အားပြည့်သွားရင် အားသွင်းခြင်းကို ရပ်နားလိုက်ပြီး အားမရှိတဲ့ အထိ အားကို ကုန်ဆုံးအောင် ပြုလုပ် စမ်းသပ်ပါတယ်။ အဲဒီ စမ်းသပ်မှုကို ကင်မရာများဖြင့် စောင့်ကြည့်စစ်ဆေးနေပါတယ်။
အဲဒီကင်မရာများဟာ တကယ်တော့ Note 7 ဖုန်းများ ဖြစ်ကြပါတယ်။ Samsung က ရောင်းချလို့ မရတော့တဲ့ Note 7 ဖုန်းများကို စက်ရုံမှာ တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စက်ရုံမှ Note 7 ဖုန်းများရဲ့ ဘက်ထရီဟာ ကွဲပြားခြားနားတဲ့ ပမာဏနည်းတဲ့ ဘက်ထရီ အမျိုးအစားဖြစ်ပါတယ်။ Note 7 က သူ့ရဲ့ နောင်လာနောက်သားများ သူ့လို အဖြစ်ဆိုးနဲ့ မကြုံအောင် စောင့်ကြည့်ပေးနေတာ ဖြစ်ပါတယ်။
Credit : digitaltimes