လျှပ်စစ်လိုအပ်ချက်အရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် လမ်းမီးများ လျှော့မည်
23 Mar 2017 1,424 Views
နွေရာသီ၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတို့တွင် အသုံးပြုနေသော လမ်းမီးများကို လျှော့ချသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌါနမှ ဦးဆောင်ညွှန်ကြားရေးမှူး(လျှပ်စစ်ထုတ်လုပ်ရေးဌါန) ဦးခင်မောင်ဝင်း ထံမှ သိရှိရသည်။
“စတင်မယ့်ရက်ကိုတော့ မပြောနိုင် သေးဘူး။ နွေရာသီရောက်လာလို့ လျှပ်စစ်မီးလိုလာရင် လျှော့သုံးတဲ့အစီအစဉ်ဖြစ်ပါ တယ်။ ဆောင်ရွက်လျှော့ချနိုင်ရင် ၂၀ မဂ္ဂါဝပ်ကို လိုအပ်တဲ့နေရာတွေကို ဖြည့် တင်းဆောင်ရွက်ပေးသွားနိုင်မှာပါ။ ရသလောက် ကောက်သင်းကောက်ရတာပါပဲ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေ ရာသီကာလ လျှပ်စစ်ဓာတ်အားလိုအပ် ချက်အတွက် ကျပ်ငွေ ၃၀ ဘီလျံတန်ဖိုးရှိ ၂၅ မဂ္ဂါဝပ်ဓာတ် အားထုတ်စက်တစ်လုံး ဝယ်ယူခွင့်ပြုရန် မတ်လ ၁၃ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်း နိုင်က တင်ပြသည်ကို မတ်လ ၁၇ ရက်ကအတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
၃၀၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ် နိုင်မည့် ဓာတ်အားပေးသင်္ဘော တည်ဆောက်ရန် ဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာငွေကြေးအခက်အခဲရှိသည့်အတွက် အရေးပေါ် ဖြည့်ဆည်းနိုင်ရန် ၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားထုတ်စက် ဝယ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင်ရှိသော ရွာမ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်နှစ်လုံးကို သဘာဝ ဓာတ်ငွေ့တိုးတက်ဖြည့်တင်းပေးလျှင် ထပ်မံထုတ်လုပ်နိုင်သည့်ပမာဏမှာ ၇၀ မဂ္ဂါဝပ်ခန့်ရှိလာမည်ဖြစ်သောကြောင့် နောက်ထပ် ဝယ်ယူမည့် ဓာတ်အားထုတ်စက်မှ ထွက်ရှိမည့် ဓာတ်အားနှင့်ဆိုလျှင် ၉၅ မဂ္ဂါဝပ် အထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် နွေရာသီ၌လိုအပ်နေမည့် လျှပ်စစ်ဓာတ်အားမှာ ၁၄၀၀ မဂ္ဂါဝပ်ခန့်ရှိနိုင်သော်လည်း အမှန်တကယ် သုံးစွဲခွင့်ရရှိမည့်မဂ္ဂါဝပ်မှာ ၉၀၀ ကျော်သာရှိသောကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
Credit:pyimyanmar