BEC-TERO TV

ကိုးကန့်လက်နက်ကိုင်အဖွဲ့ အသုံးပြုသည့် ငွေစာရင်းကို တရုတ်ဘဏ် ပိတ်ခဲ့၍ မြန်မာအစိုးရ ချီးကျူးကြိုဆို

23 Mar 2017     1,340 Views


တရုတ်-မြန်မာ နယ်စပ်ဒေ သတွင် အခြေစိုက်လှုပ်ရှားနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA သည် တရုတ်အစိုးရပိုင် လယ်ယာစိုက်ပျိုးရေးဘဏ် (AgBank)၌ ဘဏ်စာရင်းဖွင့်လှစ်ပြီး ငွေကြေးအပ်နှံ စုဆောင်းထား ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ ဘဏ်စာရင်းကို MNDAA က အသုံးပြုနိုင်ခြင်းမရှိတော့ဟု သိရသည်။ တရုတ်သည် အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် လွှမ်းမိုးသက် ရောက်မှုကို ချိန်ညှိရန် နယ်စပ် ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသုံးချနေ ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ဖူး သကဲ့သို့ တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးတွင် ယင်းနှင့် ပတ် သက်၍ အထစ်အငေါ့အချို့ဖြစ် ပေါ်ခဲ့သည်။ သို့သော် ယခုအခါ တိုင်းရင်း သား လက်နက်ကိုင်များအသုံးပြု နေသည့် ဘဏ်စာရင်းကို ပိတ်ပစ်ရန် AgBankက ဆုံးဖြတ်ခြင်း အပေါ် မြန်မာအစိုးရဘက်က ချီးကျူး ကြိုဆိုခဲ့သည်။

‘‘ဒီဆောင်ရွက်ချက်အတွက် ကျွန်တော်တို့ ကျေးဇူးတင်အသိ အမှတ်ပြုပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ရည်မှန်းချက်ဟာ နှစ်နိုင်ငံစလုံးရဲ့ တူညီတဲ့ လိုလားမှု ဖြစ်ပါတယ်’’ဟု

မြန်မာအစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ရိုက်တာသတင်း ဌာနအား ပြောကြားခဲ့သည်။ ယခုကိစ္စသည် တရုတ်ဘက်မှ အပေါင်းလက္ခဏာဆန်သည့် လုပ်ဆောင်မှု တစ်ရပ်ဟုလည်း ၎င်းကမှတ် ချက်ပေးခဲ့သည်။ တရုတ်အစိုးရဘက်က ယခုကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ ၏ သဘောထားကို မယုတ်မလွန် သဘောမျိုး ပြောကြားခဲ့သည်။ ဘေဂျင်းရှိ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချွန်ယင်းက AgBank ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အသေးစိတ် တိတိကျ ကျမပြောနိုင်သေးဟု မှတ်ချက် ပေးခဲ့သည်။ တရုတ်အစိုးရအနေဖြင့် အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကဏ္ဍကို ပါဝင်စွက်ဖက်ခြင်း မပြုသည့် မူဝါဒကို အခိုင်အမာ ဆက်လက် ထိန်းသိမ်းထား ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်ကို လေးစားမှုရှိ ကြောင်း၊ မြန်မာနှင့်တရုတ် ဆက်ဆံရေးကို ထိခိုက်စေပြီး နယ်စပ်ဒေသတည်ငြိမ်မှုကို ထိပါးစေသည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ တရုတ်က အားပေးကူညီမည် မဟုတ်ကြောင်း သူကပြောကြားခဲ့သည်။ ‘‘တရားမဝင်လှုပ်ရှားမှုတွေ ရှိလာပြီဆိုရင် ကျွန်မတို့က ဥပဒေအတိုင်း တုံ့ပြန်ဖြေရှင်းမှာပါ’’ဟု လည်း ဟွာကဆိုသည်။

MNDAA သည် တရုတ် အစိုးရပိုင် အကြီးမားဆုံး ချေးငွေ လုပ်ငန်းကြီး တစ်ခုဖြစ်သည့် AgBank တွင် တိုက်ရိုက်ဖြစ်စေ၊ မိုဘိုင်းငွေပေးချေစနစ် ဝန်ဆောင် မှုများကို အသုံးပြု၍ဖြစ်စေ ပြီးခဲ့ သည့် ၂ နှစ်အတွင်း ဒေါ်လာ ငါးသိန်းကျော်မျှ စာရင်းဖွင့် စုဆောင်းထားကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ AgBank က ဖြစ်စေ၊ အခြားသောဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကဖြစ်စေ MNDAA ကို ငွေစာရင်း ဖွင့်ခွင့်ပေးခြင်းက တရုတ်၏ ဥပဒေများကို ဖောက်ဖျက်သည့် အခြေအနေမျိုးမရှိဟုသိရသည်။ MNDAA သည် ယခုလ အစောပိုင်းက လောက်ကိုင်တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် ဒေသတွင်းတိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာသည်။ ပဋိပက္ခအခြေအနေများ ကြောင့် တရုတ်ဘက်သို့ စစ်ဘေး ရှောင် ခိုဝင်သူ နှစ်သောင်းမျှရှိပြီးတရုတ်အစိုးရက နှစ်ဖက်အပစ် အခတ် အမြန်ဆုံးရပ်စဲရန် တိုက် တွန်းတောင်းဆိုထားသည်။

Credit : 7daydaily


23 Mar 2017     1,340 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS