ကုန်တင်ကားများ ရန်ကုန်မြို့တွင်း ဖြတ်သန်းချိန် တိုးပေးသော်လည်း
23 Mar 2017 1,383 Views
ပွင့်လင်းရာသီ ကုန်စည်စီးဆင်းမှုလျင်မြန်စေရန် ရန်ကုန်တိုင်းအစိုးရသည် ကွန်တိန်နာယာဉ်များ ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်း ဖြတ်သန်းခွင့်ကို ယခင်က ညပိုင်းတွင်သာ ဖြတ်သန်းခွင့်ပြုရာမှ မတ်လ ၁၆ ရက်ကစ၍ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ရန်ကုန်တိုင်းအစိုးရက အချိန်တိုးမြှင့်ပေးခဲ့သည်။
‘‘ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်ဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လိုက်တာပါ’’ ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြောသည်။ ကွန်တိန်နာယာဉ်များ မြို့တွင်းဖြတ်သန်းရန် အချိန်တိုးမြှင့်ပေးခြင်းသည် သွင်းကုန်လုပ်ငန်းများ၊ တစ်နည်းဆိပ်ကမ်းမှ ထွက်ခွာလာသည့် မော်တော်ယာဉ်များအတွက်ဖြစ်ပြီး ပို့ကုန်လုပ်ငန်း (ဆိပ်ကမ်းသို့အ၀င်)အတွက် မပါဝင်သေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
‘‘ဒါက ရေတိုဖြေရှင်းမှုပဲ’’ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်ကပြောသည်။ တစ်ပွဲတိုးပြဿနာ များဖြင့် ကုန်စည်စီးဆင်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနေခြင်းထက် အစိုးရက ရေရှည်အဆင်ပြေမည့်နည်းလမ်းများကို စဉ်းစားဖြေရှင်းသင့်သည်ဟု ၎င်းက အကြံပြုသည်။ ‘‘ပို့ကုန်သမားတွေအတွက် ဘာမှမထူးဘူး။ သွင်းကုန်သမားကျတော့လည်း အချိန်ပေးထားတာ ကိုးလိုးကန့်လန့်နဲ့ ကားသမားတွေအတွက် အတော်ခက်ခဲမယ့် ပုံစံမျိုးပဲ’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်ကပြောသည်။ ရန်ကုန်မြို့တွင်းသို့ ကွန်တိန်နာနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းခြင်းကို ၂၀၁၆ နှစ်ကုန်ကစ၍ ည ၉ နာရီမှ နံနက် ၆ နာရီအထိခွင့်ပြုထားပြီး ကုန်သွယ်ရေးတိုးမြင့်လာချိန်တွင် ကုန်စည်စီးဆင်းမှုအခက်အခဲ ကြုံတွေ့လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
Credit : 7daydaily