ကိုဆွေဝင်းကို တရားဆွဲဆိုပေးရန် ကြည့်မြင်တိုင်တွင်နေထိုင်သူတစ်ဦး တရားရုံးသို့လျှောက်ထား
22 Mar 2017 1,318 Views
Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်းကို ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုသက်မျိုးဦးက တရားစွဲဆိုပေးရန် ကျောက်တံတားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ ကြောင်းသိရသည်။ မတ် ၂ဝ ရက် နေ့လယ်ပိုင်းတွင် ကိုသက်မျိုးဦးက ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားသူကြီး ဦးသန်းနိုင်ထွေးက ရာကြီးအမှုအမှတ်- ၆၈/ ၂ဝ၁၇ဖြင့်လက်ခံခဲ့သည်။
ကိုသက်မျိုးဦးက '' ရဟန်းတော် တစ်ပါးကိုလူလို့မမြင်ဘဲနဲ့ရာဇဝတ် သားတစ်ယောက်လိုပြောခဲ့တဲ့အတွက်ရယ်၊ နောက်ပြီးသံဃာအဖွဲ့အစည်းဖြစ်တဲ့မဘသအဖွဲ့အစည်းကြီးတစ်ခုကို အဓမ္မအဖွဲ့အစည်းလို့ပြောခဲ့တာတွေက ရတနာသုံးပါးမှာပါတဲ့ သံဃာရတနာကိုအခြားဘာသာ တွေကလည်း အထင်သေးအမြင် သေးဖြစ်မယ်။ ကျွန်တော်တို့ဘာ သာဝင်တွေကလည်း ရတနာသုံးပါးမှာပါတဲ့ သံဃာတော်တွေအပေါ်ကို အကြည်ညိုပျက်မယ်။ အယုံကြည်ပျက်မယ်။ အဲဒါမျိုးတွေ မဖြစ်စေချင်လို့ လူတကာဆီမှာ တွင်တွင်ကျယ်ကျယ်ဒီလိုပြောလို့ရပါလားလို့ထင်မှာစိုးလို့အခုလိုတရားစွဲရတာပါ''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။
ဆရာတော်ဦးဝီရသူက တရားစွဲဆိုခိုင်းခြင်းမဟုတ်ကြောင်း၊ အမှုဖွင့်လှစ်မည်အကြောင်းကိုလည်း ဆရာတော်ဦးဝီရသူကို မတ် ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး အိမ်မဲတရားပွဲသို့ သွားလျှောက်ထားခဲ့ကြောင်း၊ ဆရာတော်ကအမှုဖွင့် မည်ဆိုပါက တားစရာမရှိဘူးလို့ သြဝါဒ မိန့်ကြားခဲ့သည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
ကိုသက်မျိုးဦးက ''မတ် ၁၇ ရက်က ကျောက်တံတားရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲစခန်းကတရားရုံးကို ဦးတိုက်လျှောက်ထားရမဲ့အမှုဖြစ်တယ်လို့ပြောတယ်။ အဲဒါကြောင့် ကျောက်တံတားတရားရုံးမှာဦးတိုက် လျှောက်ထားခဲ့တာပါ''ဟု ပြောသည်။
အဆိုပါတိုင်ကြားချက်တွင် မတ် ၈ ရက်က ကျောက်တံတားမြို့နယ်ရှိ Myanmar Now ရုံးခန်းတွင် ကိုဆွေဝင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲဗီဒီယိုဖိုင်တစ်ခု၊ 7 Day နှင့် ကိုဆွေဝင်းတို့ပြုလုပ်ခဲ့သည့်အင်တာဗျူးဗီဒီယိုဖိုင်တစ်ခု၊ RFA နှင့်ကိုဆွေဝင်းတို့ပြုလုပ်ခဲ့သည့်အင်တာဗျူးဗီဒီယိုဖိုင်တစ်ခု၊အဆိုပါသုံးခုအား စာဖြင့်ပြန်ရေးထားသည့်ဖိုင်၊ ဆရာတော်အား လျှောက်ထားသည့်စာနှင့် ဆရာတော်ကကန့်ကွက်ရန်မရှိကြောင်းစာတို့ ကိုတရားရုံးသို့သက်သေအဖြစ် တင် ပြခဲ့ကြောင်းသိရသည်။ အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်ပြီးဘာမှပြောစရာမရှိကြောင်း Myanmar Now မှသတင်းထောက်ချုပ်ကိုဆွေဝင်းက ဒီမိုကရေစီတူဒေးသို့ပြောသည်။
ကိုဆွေဝင်း၏ဥပဒေအကြံ ပေးဖြစ်သူ ဦးခင်မောင်မြင့်က ''အဲဒီသတင်းကအမှန်ပါပဲ။ တိုင်ကြားချက်ကိုလည်းလက်ခံလိုက်တာကိုလည်းသိပါတယ်။ ရဲကတော့တိုင်ကြားချက်ကိုခိုင်လုံမှုရှိ၊ မရှိစစ်ဆေးမှာပေါ့။ ရဲကသက်သေတွေကို စစ်ဆေးပြီး ပြန်ပြီးတော့အစီရင်ခံစာတင်မှာ ပေါ့။ အဲဒီအစီရင်ခံစာကို တရားသူ ကြီးကကြားနာပြီးနောက် ကိုသက်မျိုးဦးရဲ့တိုင်ကြားချက်က အခြေမြစ် မရှိဘူးဆိုပလပ်မှာပေါ့။ တိုင်ကြားချက်အပေါ်မှာ ကိုဆွေဝင်းကတစ်စုံ တစ်ရာဖြေရှင်းဖို့တာဝန်ရှိတယ်လို့ ထင်မြင်ယူဆခဲ့ရင် အဲဒီနေ့မှာရဲကို ဖမ်းဝရမ်းထုတ်ပေးမှာပေါ့။ အမှုရဲ့ သဘောသဘာဝအရ အာမခံပေးနိုင် သောအမှုမဟုတ်တဲ့အတွက် ကိုဆွေဝင်းကအချုပ်လွတ်ထုချေခွင့်မရှိဘူး။ အချုပ်ထဲမှထုချေရမယ့် အနေအထား ဖြစ်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ တရားစွဲမှုနှင့်ပတ်သက်ပြီး ခုခံကာကွယ်ခွင့်များပြုလုပ်ထားကြောင်း၎င်းကဆက်လက်ပြောသည်။
ဦးခင်မောင်မြင့်က''သူတို့စွပ်စွဲ တဲ့ကိုဆွေဝင်းရဲ့မတ် ၈ ရက်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးအခွေကို သေချာပြန်နားထောင်တယ်။ ဘာကို တွေ့လဲဆိုတော့ ကိုဆွေဝင်းရဲ့ပြောကြားချက်ဟာ ဘာသာတစ်ရပ်ရပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေဖို့အတွက် စော်ကားလိုသော ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘူး။ သူရဲ့သတင်းမီဒီယာလုပ်ငန်းတာဝန်ကို ဆောင်ရွက်ခဲ့တာတွေ့တယ်။ပြော ကြားချက်တွေထဲမှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုထိခိုက်တယ်လို့ယူဆနိုင်ပေမဲ့ စကားလုံးအချို့ပါဝင်နိုင် သော်လည်းမည့်သည့်ဘာသာကိုမှ ထိခိုက်စော်ကားထားခြင်းမရှိပါဘူး။ အဲဒီတွေ့ရှိချက်တွေကိုဖော်ပြပြီး တော့မှ သတင်းမီဒီယာကောင်စီကို ဒီနေ့ညနေပိုင်းမှာပဲတင်ပြလိုက်ပါတယ်''ဟုပြောသည်။
မတ်၂ဝ ရက် ညနေ ၆နာရီခွဲအထိ ရဲစခန်းမှဆက်သွယ်မေးမြန်း ခြင်းမရှိကြောင်း ဦးခင်မောင်မြင့်က ပြောသည်။ ကျောက်တံတားမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးတိုးမြို့က''စစ်ဆေး ပေးဖို့ တရားရုံးရဲ့ညွှန်ကြားချက်မ ရောက်သေးပါဘူး''ဟု ဒီမိုကရေစီတူ ဒေးသို့ပြောသည်။ ကျောက်တံတားမြို့နယ် တရားသူကြီးကအဆိုပါတိုင်ကြားချက်ကို လက်ခံခဲ့ပြီး ကျောက်တံတားရဲစခန်းသို့စစ်ဆေးပေးရန်ပေးပို့သွားမည် ဖြစ်ပြီး ရဲစခန်းမှ တင်ပြလာသော အချက်အလက်များကို ဧပြီ ၃ ရက် တွင်ထပ်မံစစ်ဆေးသွားမည်ဟု ရုံးချိန်းပေးခဲ့ကြောင်းကိုသက်မျိုးဦးက ပြောသည်။
Credit:ဒီမိုကရေစီတူဒေး