BEC-TERO TV

ဂမ္ဘီရမျောက်ရုပ်ဟုဆိုကာ ကျပ်သိန်း ၅၀ ဖြင့် လိမ်လည်ရောင်းချမှု

21 Mar 2017     1,655 Views


- ဂမ္ဘီရမျောက်ရုပ်အားဟုဆိုကာ ယုံကြည်အောင်စမ်းသပ်ပြသ၍ ငွေကျပ် သိန်း ၅၀ လိမ်လည်မှုတခု မန္တလေးတွင် ဖြစ်ပွားခဲ့သည်။ ဂမ္ဘီရမျောက်ရုပ်တခုတွေ့ရှိထားကြောင်း မိတ်ဆွေတဦး၏ ပြောစကား အရ ကသာမှ မန္တလေးသို့ သွားရောက်ခဲ့ကြောင်း၊ မန္တလေးအရောက် အမျိုးသားနှစ်ဦးတို့က ၎င်းအား မန္တလေးတောင်အနီး ဇရပ်တခုသို့ ခေါ်ဆောင်သွားပြီး မျောက်ရုပ်ပြ၍ ယုံကြည်အောင် စမ်းသပ်ပြခဲ့ကြောင်း ၎င်းမှ သဘောကျသဖြင့် ၀ယ်ယူမည်ဟုဆိုကာ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း လိမ်လည်ခံရသူ ကိုသက်ဝေက ပြောသည်။

- "သူငယ်ချင်း မိတ်ဆွေတယောက်က ဂမ္ဘီရမျောက်ရုပ်လေးရှိတယ်။ အစွမ်းရှိတယ်။ စမ်းသပ်လို့ရတယ်။ အောင်မြင်တယ်။ ကျွန်တော်က ဂမ္ဘီရပစ္စည်းတွေ စိတ်ဝင်းစားတာနဲ့ ကသာကနေ မန္တလေးမြို့ကို ဆင်းလာတယ်။ အဲဒီရောက်တော့ ကိုမောင်နိုင်နှင့် ကိုသိန်းထွန်းဆိုသူတို့က မန္တလေးတောင်ခြေဇရပ်တခုဆီ ကျွန်တော်ကို ခေါ်ဆောင်သွားတယ်။ အချိန်က မတ်လ ၁၈ ရက် မွန်းတည့်ချိန်လောက်ပေါ့။ မျောက်ရုပ်ကလေးပြတယ်။ စမ်းသပ်ပြတယ်။ ၃ ပေ အကွာကနေ လက်နှိပ်ဓာက်မီးနဲ့ထိုးထားတယ်။ ၃ စက္ကန့်အတွင်း မီးငြိမ်းသွားတယ်။ နာရီပေါ်တင်ပြီ စမ်းပြတယ်။ နာရီ ရပ်သွားတယ်။ ကျွန်တော်လည်း မျောက်ရုပ်လေးသဘောကျတာနဲ့ ငွေကျပ်သိန်း ၅၀ ပေးပြီး မျောက်ရုပ် လေး ယူထားလိုက်တယ်။ အဟုတ်မှတ်ခဲ့တာ။ မန္တလေးက ကျွန်တော့် မိတ်ဆွေအိမ်ရောက်တော့ ထပ် စမ်းသပ်ကြည်တော့ မီးမပျက်တော့ဘူး နာရီကတော့ ရပ်တယ်။ သေချာစစ်ဆေးကြည့်တော့ မျောက်ရုပ်လေးက သံလိုက်ပါတယ်။ နာရီလက်တံက သံဆိုတော့ ရပ်သွားတယ်။ သူတို့ဖုန်းတွေဆက်တော့ မကိုင်တော့ဘူး။ စက်ပိတ်ထားတယ်။ ဝင်တဲ့ဖုန်းကလည်း မကိုင်တော့ဘူး”ဟု ကိုသက်ဝေက ပြောသည်။

- (အဆိုပါကိစ္စနှင့်ပတ်သက်၍ အလိမ်ခံရသူ ကိုသက်ဝေမှ အမှုဖွင့် ဆောင်ရွက်လိုခြင်းမရှိကြောင်း၊ ဂမ္ဘီရမျောက်ရုပ်ဟုဆိုကာ လိမ်လည် ရောင်းချခြင်းကို နောက်လူများ မခံရစေရန်အတွက်ထုတ်ဖော် ပြောကြားရခြင်းဖြစ်ကြောင်း၊ လိမ်လည်သူနှစ်ဦးက ရုမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ မှ လာရောက်ကြသူများဖြစ်သည် ဟုပြောကြောင်း ၎င်းကဆိုသည်။)

Credit : News Watch


21 Mar 2017     1,655 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS