၆၆(ဃ) နဲ့ အမှုဖွင့်ခံရမှုအပေါ် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ အင်တာဗျူး
08 Mar 2017 1,375 Views

ကိုဆွေဝင်းအား မန္တလေးအမှတ်(၇) ရဲစခန်းတွင် ၆၆(ဃ)နှင့် အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခံရပြီးနောက် ယခုအချိန်ထိ သက်ဆိုင်ရာမှ လာရောက်ခေါ်ယူ ဖမ်းဆီးခြင်းမရှိသေးသော်လည်း အဖမ်းခံခဲ့ရသည်ဆိုပါက သူရေးသားခဲ့သော အကြောင်းအရာများနှင့် ပက်သက်၍ ဖြေရှင်းခွင့်မရမှာကို စိုးရိမ်သည့်အတွက် အများပြည်သူသိစေရန် သူ့ကိုယ်သူ အင်တာဗျူး၍ ဖြေကြားထားသော အကြောင်းရာများကို သူ၏ဖေ့စ်ဘွခ်မှတစ်ဆင့် မတ်လ ၈ ရက်နေ့က အသိပေးခဲ့သည်။
ကျနော့်ကိုဖမ်းသွားရင်ဗျူးမရကြမှာဆိုးလို့ ကိုယ့်ဟာကိုယ်ဗျူးပြီး ကိုယ့်ဟာ့ကိုဖြေထားတယ်။
မေး။ ။ ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိကကျသွားပြီလို့ Ba Kaung နာမည်နဲ့ ဖေ့ဘွခ်ပေါ်မှာရေးတယ်ဆိုတာဟုတ်လား။
ဖြေ။ ။ ဦးကိုနီသတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်ဆိုပြီး ဦးဝီရသူကထုတ်ဖော်ရေးသားပြောဆိုနေတာအားလုံးအသိပါပဲ။ အာဏာပိုင်များကလည်း ဒီလို ပြည်သူတစ်ရပ်လုံးချောက်ချား တုန်လှုပ်ဖွယ်ရာဇဝတ်မှုကို ထောက်ခံကြောင်းပြောနေတာတွေကို လျစ်လျူရှု အရေးမယူတာအားလုံးအသိပါပဲ။ ဒီလိုအခြေအနေမှာ ကျနော်တို့က ဒါကိုသတင်းရေးခဲ့တယ်၊ သတင်းရေးတဲ့နေရာမှာ မန္တလေးကဆရာတော်ဦးစိန္တကိုမေးမြန်းပြီးသူ့မှတ်ချက်ကိုတောင်းတဲ့အခါ ဆရာတော်က ဦးဝီရသူရဲ.ပြောဆိုချက်ဟာ ပါရာဇိကကံမြောက်တယ်ဆိုပြီးဖြေကြားခဲ့တယ်။ ဒီဖြေကြားချက်ကိုသတင်းထဲမှာထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျနော့်ရဲ. ဖေ့ဘွတ်ပေါ်မှာတင်တဲ့အခါ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်းသိရဆိုပြီး ရေးသားခဲ့တယ်။ ကျနော့်ရဲ.သတင်းရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီးဖေ့ဘွတ်ပေါ်ပြန်ရေးတာကို အမှုဖွင့်တဲ့အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီသတင်းနဲ့ပတ်သက်ပြီးကတော့ ကျနော်က ၁၀၀ ရာခိုင်နှုန်းအပြည့်အဝတာဝန်ခံပါတယ်။
မေး။ ။ အာဏာပိုင်တွေကရော လာရောက်အကြောင်းကြားပြီလား။
ဖြေ။ ။ ခုမတ်လ ၈ ရက်မနက်စောစောထိတော့ တရားဝင်ဘာမှအကြောင်းကြားတာမရှိဘူး။ ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ. သင်္ကန်းရေခြုံပြီး ဒုစရိုက်မှုတွေကျူးလွန်နေသူ၊ ရာဇဝတ်မှုကို အားပေးအားမြှောက်ပေးနေတဲ့သူတွေကို ဘာမှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိဘူး။ ရဲကလာခေါ်လို့ကတော့ လိုက်သွားဖို့အသင့်ပဲ။
မေး။ ။ ခုတိုင်တန်းချက်ကို ရဲတပ်ဖွဲ.ကအမှုလက်ခံဖွင့်ပေးလိုက်ပြီလို့သိရတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဦးဝီရသူကိုဆဲဆိုဆန့်ကျင်နေတဲ့သူတွေအများကြီးပဲ၊ ခင်ဗျားကိုကျမှ ရွေးပြီးတိုင်တန်းတာကို ရဲတပ်ဖွဲ.ကလက်ခံလိုက်တဲ့ အခြေအနေကိုရောဘယ်လိုသဘောရလဲ။
ဖြေ။ ။ အားလုံးသိတဲ့အတိုင်းပဲ သတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျဖြိုးတို့ဟာ မဘသဥက္ကဋ္ဌဆရာတော်ကို သွားရောက်တွေ.ဆုံတာတွေရှိခဲ့တယ်၊ ဒီအခြေအနေပေါ်မှာ ဆရာ၊ ဒကာဆိုတဲ့ဆက်ဆံရေးအကြောင်းခံပြီး မဘသက ဦးကိုနီအမှုကိစ္စမှာ ဒီလူတွေအပေါ် တစ်စုံတစ်ရာလွှမ်းမိုးမှု ရှိသလားဆိုတာကိုမေးမြန်းခဲ့တယ်။
ဒါကို မဘသတွေက မကျေနပ်ကြဘူး၊ တစ်ဖက်မှာလည်း ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်ပုံကို ကျနော့်ဖက်က ဝေဖန်မှုတွေရှိတယ်။ ဆိုတော့ ဒီအခြေအနေတွေပေါင်းစုပြီး ကျနော့်ကိုအမှုဖွင့်ဖို့ အကြောင်းဖန်လာတယ်လို့ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝတ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင်ကျနော့ကိုလာအရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လာရင် အာဏာပိုင်တွေရဲ့ နည်းလမ်းမကျတဲ့ မူဝါဒတွေဘယ်လောက်အတိုင်းအတာထိ ဆက်ဖြစ်နေသလဲဆိုတာ ပေါ်လွင်မှာဖြစ်ပါတယ်။
မေး။ ။ ကိုဆွေဝင်းကို ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်။ ဒါတွေကိုရော ကိုဆွေဝင်းက အာဏာပိုင်တွေကို အကြောင်းကြားတာရှိလား။ ကုလားသတင်းထောက်ဘာညာဆိုပြီး ဆဲဆိုနေကြတာ။
ဖြေ။ ။ အာဏာပိုင်တွေလည်းအားလုံးသိနေကြားနေတာပဲ။ ဥပဒေစိုးမိုးရေးအတွက် ပါးစပ်ကသာပြောပြီး လက်တွေ့မလုပ်တဲ့ ဒီလူတွေကို ကျနော့်အနေနဲ့ ဘာမှအကြောင်းကြား အကူအညီတောင်းစရာမရှိပါဘူး။ ကုလားသတင်းထောက်ဘာညာကတော့ ကျနော်ဂရုမစိုက်ပါဘူး။ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာအရေးအခင်းတွေ ကျနော်သတင်းရေးတုန်းက ကျနော့်ကိုကုလားသတင်းထောက်ဆိုပြီး စွပ်စွဲတာတွေကြုံခဲ့ရတယ်။
အင်းဝအပ်ချုပ်ဆိုင်ကိစ္စရေးတော့ ဆိုင်ရှင်တွေကအစ္စလာမ်ဘာသာဝင်မို့လို့ အစွန်းရောက်ရခိုင်ဘာညာဆိုပြီး အချို့ကဆဲဆိုတာခံခဲ့ရတယ်။ ခုဦးကိုနီကိစ္စလည်း ကျနော့်ကို ကုလားသတင်းထောက်ဆိုပြီးထပ်ဆဲကြတယ်။ ဆဲချင်ဆဲကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နမိတ်စွဲမရှိဘဲ အမှန်ကိုအမှန်အတိုင်းရေးဖို့က ကျနော်တို့တာဝန်ပဲ။ ကျနော်တို့သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသားအချင်းချင်းထားရမယ့် လောကပါလတရားတွေကိုအထောက်အကူပြုဖို့၊ လူကိုလူလိုမြင်ပြီး၊ လူကိုလူလိုစာနာဖို့ပဲ။
မေး။ ။ တစ်ခြားဘာများဖြည့်စွက်ပြောဆိုစရာရှိလဲ။
ဖြေ။ ။ အကယ်၍ကျနော်ဖမ်းခံရရင် ကျန်ရစ်ခဲ့တဲ့ဇနီး၊သမီးငယ်နဲ. အမေ့ကို ကျနော့ကို နားလည်ဖို့တောင်းပန်ချင်ပါတယ်။ အဓမ္မဝါဒီတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ကိုယ်တွင်းသန္တာန်မှာရော၊ ကျနော်တို့ကျင်လည်နေတဲ့နေတဲ့ လူ့ဘောင်မှာရော ဓမ္မဖက်ကနေအမြဲထင်ထင်ရှားရှား၊ ကျယ်ကျယ်လောင်လောင်ရှိနေဖို့လိုအပ်လို့ပါ။
လွန်ခဲ့တဲ့ ၁၈ နှစ် ကျနော်အသက် ၂၀ အရွယ်မှာကျနော့်ကို ထောက်လှမ်းရေးတွေလာဖမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေတဲ့ဆိုတဲ့စွဲချက်နဲ့ ထောင် ၂၁ နဲ့ချခဲ့တယ်။ အဲဒီတုန်းကလည်း ကျနော်ဘယ်ကိုမှထွက်ပြေးခဲ့တာမဟုတ်ဘူး။ ခုလည်းထွက်ပြေးမှာမဟုတ်ဘူး။ အဓမ္မဝါဒီတွေကိုရင်ဆိုင်ဖို့အသင့်ပါပဲ။
Source:BaKaung(FB)