ကြားဖြတ်ရွေးကောက်ပွဲနှင့် သင်္ကြန်ကာလအတွင်း စွန်ရဲစီမံချက်ချမှတ်၍ လူဆိုး၊ လူမိုက်များကို အရှိန်အဟုန်မြှင့် ဖမ်းဆီးမည်
07 Mar 2017 1,367 Views

ရန်ကုန်တိုင်းဒေသကြီး၌ ကြားဖြတ်ရွေးကောက်ပွဲ ကာလနှင့် သင်္ကြန်ကာလအတွင်း စွန်ရဲစီမံချက်ချမှတ်၍ လူဆိုး၊ လူမိုက်များကို အရှိန်အဟုန်မြှင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ၀င်းနိုင်က ပြောကြားသည်။ မတ် ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်မည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးအတွက် စွန်ရဲစီမံချက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ချပြရှင်းလင်းပွဲတွင်း ရဲမှူးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရဲမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက် ကာလအတွင်း မှုခင်းကြိုတင် ကာကွယ်ရေး အတွက် ထိရောက်သော ကြိုတင်ကာကွယ်မှုများ၊ ပြေးလေးပြေးများ၊ ခိုးဆိုးလုယက်ကျော်စော သတင်းရှိသူများအား မြို့နယ်အလိုက် အရှိန်အဟုန်မြှင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ ကာလ၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ ချပြရှင်းလင်းရန် မဲရုံလုံခြုံရေးကို စီမံချက်ပါအတိုင်း ဆောင်ရွက်သွားရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ၀န်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းအဖြေလွှာများအား စီမံချက်ပါအတိုင်း လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရဲမှူးချုပ်က သင်္ကြန်ပွဲတော်ကာလ မရောက်မီ ထိရောက်သော ကြိုတင်ကာကွယ်မှုများအဖြစ် ဆိုးသွမ်းရမ်းကား နိုင်သူများကို ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်ထိန်းသိမ်းသွားရန်၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုးနှင့် လူဆိုးလူမိုက်များအား စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ စွန်ရဲစီမံချက်ကာလမှာ မတ် ၁ ရက်မှ စတင်နေပြီဖြစ်ပြီး နှစ်လကြာမြင့်မည်ဖြစ်ကာ ဧပြီ ၃၀ ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီစီမံချက်ကို ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်တဲ့ ၄၄ မြို့နယ်မှာ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ခိုးဆိုးလုနှိုက်တဲ့လူတွေ၊ လူဆိုး၊ လူမိုက်တွေ၊ ဆက်ကြေးတောင်းတဲ့ လူတွေကိုဖမ်းမယ် ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်။ စီမံချက်စတင် ဆောင်ရွက်တဲ့နေ့ကနေ စပြီးတော့ လုယက်မှုတွေ၊ ခိုးမှုတွေ၊ မူးယစ်ရမ်းကားမှုတွေ အရင်ကထက် လျော့ပါးလာတာတော့ တွေ့ရတယ်။ သင်္ကြန်အတွင်း လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ထပ်ပြီး အစည်းအဝေးထိုင်စရာ ရှိပါသေးတယ်။ ပြည်သူတွေ လုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားလို့ရအောင် ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး လှဝေက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလ ငါးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခိုက်ရန်ဖြစ်ပွားမှု ၁၁ မှု၊ ယစ်မျိုးမှု ၁၃ မှု၊ ခါးပိုက်နှိုက်၊ ခိုးမှု ငါးမှု၊ ခါးပိုက်နှိုက် မသင်္ကာမှု ၄၁ မှု၊ ပို့ကုန်သွင်းကုန်အရ အရေးယူမှု နှစ်မှု၊ ဆဲဆိုမှု နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Credit : news-eleven