ကျောက်မဲမြို့၌ အမျိုးသမီးတစ်ဦး လည်ပင်းလှီးကာ ဓားပြတိုက်ခံခဲ့ရ
05 Mar 2017 1,342 Views

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ အသေးစားငွေချေးလုပ်ငန်း (Pact Myanmar)မှ ရုံးဝန်ထမ်းတဦးအား တုတ်နဲ့ရိုက်၊ လည်ပင်းကို ဓားနဲ့လှီးကာ ဓားပြတိုက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဘဏ်အသေးစား ငွေချေးလုပ်ငန်းလုပ်ကိုင်နေတဲ့ တအာင်းအမျိုးသမီးတစ်ဦးဖြစ်သူ မခိုင်နီလာထွန်းဟာ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က တော့ဆန်ဘက်ကို အလုပ်ကိစ္စသွားအပြီးအပြန် မန်ကန်ကျေးရွာနဲ့ အုံငန်ကျေးရွာကြားမှာ တုတ်ဖြင့် ရိုက်နှက်ပြီး လည်ပင်းကို ဓားနဲ့လှီးကာ ဓားပြတိုက်တာ ခံခဲ့ရတာလို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ နန်းကြည်ကြည်အေးက ပြောပါတယ်။
“အစ်မတို့ ၆ ယောက်သွားတယ်။ အစ်မက ပန်စံမှာနေခဲ့တာ။ ကျန်တဲ့လူတွေကလည်း တခြားရွာတွေ သွားကြတာ။ အဲမှာ သူ့ကို တုတ်နဲ့ ရိုက်သွားပြီးတော့ ဘာမှ ပြန်ပြောလို့ မရအောင် လည်ပင်းကို ဓားနဲ့လှီးလိုက်တယ်။ ဒါက ကြိုတင်ကြံစည်မှုပဲ ဖြစ်မယ်။”
ဓားပြတိုက်သူတွေဟာ ပိုက်ဆံ ၆သိန်းကျော်၊ မှတ်ပုံတင်၊ ယဉ်မောင်းလိုင်စင်၊ ရုံးဝန်ထမ်းကတ်၊ ဘဏ်စာအုပ်နဲ့ ရုံးစာရွက်စာတမ်းတွေ ထည့်ထားတဲ့ ကျောပိုးအိပ်တလုံးကို ယူသွားကြတယ်လို့ ဆိုပါတယ်။
မခိုင်နီလာထွန်းနဲ့ ဆွေးမျိုးတော်စပ်သူတစ်ဦးက “သူက အရိုက်ခံရပြီး သတိတချက်လစ်သွားတယ်။ ဒါပေမယ့် အုံငန်းရွာသားတွေက သူကိုယ်တိုင် ဆိုင်ကယ်မောင်းလာတယ်လို့ပြောတယ်။ လူတွေတွေ့မှပဲ သတိလစ်ပြီး ရွာက လူတွေက ဆေးရုံလာပို့ကြတယ်။ သူ့ကို ပြန်မေးတော့ သူမမှတ်မိဘူးလို့ပြောနေတယ်” လို့ ပြောပါတယ်။

ဓားပြတိုက်ခံရသူ မခိုင်နီလာထွန်းဟာ လည်ပင်း ဓားလှီးခံရတဲ့ဒဏ်ရာကြောင့် စကားမပြောနိုင်သေးဘဲ စာနဲ့သာရေးပြီး ပြောနေရပါတယ်။ ကျောက်မဲဒေသဟာ သူခိုးဓားပြတွေပေါတဲ့ ဒေသဖြစ်ပြီး တောင်ပေါ်ဒေသကို ဈေးတက်ရောင်းနေကြတဲ့ ဈေးသည်တွေလည်း မကြာခဏလုယက်မှု ခံနေရတယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
ဓားမြတိုက်သွားတဲ့အဖွဲ့ကို သိရှိနိုင်ဖို့ Pact Myanmar တာဝန်ရှိသူနဲ့ ပန်စံကျေးရွာရှိ ရဲတပ်ဖွဲ့တို့ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ကို သွားရောက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
Credit:DVB