အချုပ်ကျနေသူအမျိုးသမီးအား ရဲ့အစောင့်မှ အဓ္ဓမပြုကျင့်ရန် ကြိုးပမ်း
03 Mar 2017 1,581 Views

စစ်ကိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ရဲစခန်းတွင် အချုပ်ကျနေသော အမျိုးသမီးတစ်ဦးကို တာဝန်ကျအစောင့် ရဲတပ်သားက အဓမ္မပြုကျင့်ရန် နှစ်ကြိမ်နီးပါး ကြံစည်ခဲ့ကြောင်း တိုင်ကြားခဲ့သဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ပုဒ်မ ၃၆၀ ခိုးမှုနှင့် အချုပ်ကျနေသော အမျိုးသမီးသည် အချုပ်ခန်းအတွင်း၌ အခြားအချုပ်သားများ မရှိသည့်အတွက် တစ်ဦးတည်း အချုပ်ကျနေစဉ် တာဝန်ကျ ရဲအစောင့်မှ မူးလာသည့်အခါ အချုပ်ခန်းအတွင်းသို့ ဝင်ရောက်ပြီး ဆွဲလားရမ်းလား လုပ်ခြင်း၊ အလိုကိုမလိုက်လျောသည့်အတွက် ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ကြာင်း အချုပ်ကျနေသူနှင့် နီးစပ်သူ(အုပ်ထိန်းသူမဟုတ်)တစ်ဦးက အကူညီတောင်း တိုင်ကြားခဲ့သဖြင့် သွားရောက် ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး သွားရောက်ကြည့်ရှုစဉ် အဆိုပါအမျိုးသမီးအချုပ်သားမှာ ကြောက်လန့်လျှက်ရှိပြီး မေးမြန်၍မရပဲ နောက်တစ်ခါမနှောက်ယှက်အောင် သတိပေးပေးဖို့ တောင်းဆိုခဲ့သည်။
“အမျိုးသမီးအချုပ်ခန်းနဲ့ အမျိုးသား အချုပ်ခန်းနဲ့က နီးတယ်။ အမျိုးသားတွေ အိမ်သာတက်ရင်လည်း မြင်ရတယ်။ အမျိုးသား အချုပ်သား ၁၄ ယောက်ရှိတယ်။ ကျွန်မသွားတွေ့တော့ အချုပ်သား သုံးလေးယောက်လောက်က ထွက်လာတာ နှစ်ခါလောက်မြင်ရတယ်လို့ ပြောတယ်။ အမှန်ကတော့ လိင်နဲ့ပတ်သက်ပြီးတော့ နှောင့်ယှက်တာပေါ့။ ကောင်မလေးက လက်မခံတော့ ဆဲဆိုကြိမ်းမောင်းတယ်။ အဲဒါကိုကြောက်လန့်နေလို့ သေသေချာချာမေးလို့မရဘူး။ အပြစ်ပေးဖို့ တိုင်တန်းချင်လားဆိုပြီး မေးတော့ နောက်တစ်ခါမဖြစ်အောင် ပြောပေးရင်ရပါတယ်လို့ ပြောတယ်” လို့ ဒေါ်နှင်းခိုင်စိုးက ပြောသည်။
အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ဒီပဲယင်းမြို့နယ် ရဲစခန်းကိုဆက်သွယ်မေးမြန်းရာတွင် မြို့နယ်ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်က “ဒီကလေးမလေးကို ကျွန်တော်တို့ရဲတပ်သားနဲ က အမှုသွားအမှုလာတွေမှာ အကူအညီတောင်းလို့ သွားသွား လာလာရှိပါတယ်။ အဲဒါဘယ်လို ပြဿနာဖြစ်သလဲတော့ မသိဘူး။ အဖုအထစ်တွေ ဖြစ်တယ်ပဲထင်ပါတယ်။ ဒေါ်နှင်းခိုင်စိုး လာကြည့်လို့ ကျွန်တော် အဲဒီကလေးမလေးကို အေးဆေးသွားတွေ့တယ်။ မေးတယ်။ မကြောက်ဖို့ ပြောတယ်။ ကလေးမလေးက နောက်တစ်ခါ မနှောင့်ယှက်ရင် ရပါတယ်လို့ပြောတယ်။ အရေးယူစေချင်လားဆိုတော့လည်း နောက်တစ်ခါ မနှောင့်ယှက်အောင်ပဲ ပြောပါဆိုတာပဲ ထွက်လာတယ်။ လွန်လွန်ကျူးကျူးတော့ မဖြစ်သေးဘူးလို့ ပြောပါတယ်” လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှောင့်ယှက်ခဲ့သည့် တာဝန်ကျရဲတပ်သားကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရှရသည်။
Credit:ကုမုန္ဒြာ