ရန်ကုန်မြို့တွင် ဧပြီလ ၁ ရက်နေ့ကစ၍ မီတာခ သုံးဆတိုးမြှင့်ကောက်ခံရန် စီစဉ်နေ
03 Mar 2017 1,358 Views

ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီတာကောက်ခံနှုန်းထားများကို လက်ရှိထက် သုံးဆခန့် တို့မြှင့်ကောက်ခံသွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မတ်လ ၂ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ထုတ်လုပ်မှုစရိတ်မှာ ၁၃၀ မှ ၁၃၅ ကျပ်ထိ ကုန်ကျစရိတ် ရှိနေသည့်အတွက် လက်ရှိ မီတာကောက်ခံနှုန်းထားထက် သုံးဆခန့်ပိုမိုကောက်ယူမှသာ ထုတ်လုပ်မှုစရိတ်ကာမိမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြည်သူကို သဘောပေါက်နားလည်းလက်ခံအောင် ရှင်းပြဖို့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းလျှပ်စစ်ကဏ္ဍအတွက် နှစ်စဉ် ကျပ် ၄၅၀ ဘီလီယံခန့် ပြည်ထောင်စုအစိုးရမှ စိုက်ထုတ်ပေးနေခြင်းဖြစ်ပြီး ထိုကဲ့သို့ စိုက်ထုတ်ပေးနေရသည့် ငွေပမာဏကို မဖွံ့ဖြိုးသေးသည့် ဒေသများအတွက် အသုံးချမည်ဆိုပါက ပိုမိုအကျိုးရှိနိုင်မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ် သုံးဆွဲမှု မီတာခကို တိုးမြှင့်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စကို မတ်လ ၃ ရက်(ယနေ့) လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး မီးတာခ တိုးမြှင့်ကောက်ခံပါက အိမ်သုံးများကို ချက်ချင်းတိုးမြှင့်မည် မဟုတ်ပဲ အသိပေးအကြောင်းကြားပြီးမှသာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်ကပြောကြားခဲ့သည်။
၂၀၁၄ ဧပြီ ၁ ရက်တွင် ယူနစ် ၁၀၀ အောက်ကို တစ်ယူ နစ်လျှင် ၃၅ ကျပ်ကောက်ခံခဲ့ပြီး ၁၀၁ ယူနစ်နှင့် ၂၀၀ ကြားကို ၄၀ ကျပ်နှင့် ၂၀၁ ယူနစ် အထက်ကို ၅၀ ကျပ်ကောက်ခံခဲ့သည်။ စက်မှုလုပ်ငန်းသုံးမီတာများအတွက် ယူ နစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ကျပ်၊ ၅၀၁ မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀ အသီးသီးသတ်မှတ်ခဲ့ပြီး လျှပ်စစ်ဓါတ်အား တစ်ယူနစ် ရောင်းချတိုင်း ၂၃.၁ ကျပ် အရှုံးပေါ်နေခြင်းဖြစ်သည်။
လာမည့် ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ၏ ရငွေသုံးငွေလျာထားချက် သည် ယခင်နှစ်ပြုပြင်ပြီး ခန့်မှန်း ငွေထက် အရှုံးပိုမိုလျာထားသည် ကို တွေ့ရသည်။
ယခင်နှစ် တစ်နိုင်ငံလုံးဓာတ် အားသုံးစွဲမှုသည် ယူနစ်ပေါင်း ၁၇,၈၁၂ သန်းဖြစ်၍ လာမည့် နှစ်တွင် ယူနစ်ပေါင်း ၁၉,၅၉၃ သန်း အထိ ရောက်ရှိမည်ဟု ခန့်မှန်း ထားကာ ယူနစ်ပေါင်း ၁,၇၈၁ သန်း ပိုများလာမည်ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။
Ref:7Day