လူသူမရှိကျွန်းလေးကို နှစ် ၃၀ ကြာ အစောင့်လုပ်ပေးနေခဲ့သူလင်မယား
01 Mar 2017 1,360 Views
တရုပ်နိုင်ငံက ပိုင်ဆိုင်တဲ့ ကိုင်ရှန် ဆိုတဲ့ကျွန်းလေးဟာ ဂျပန်နဲ့ တောင်ကိုရီးယား နယ်စပ်ကြားမှာ ရှိတဲ့ ကျွန်းအသေးစားလေး တစ်ခုဖြစ်ပါတယ်။ ကျွန်းရဲ့ အရွယ်အစားဟာ ၁၃,၀၀၀ စတုရန်မီတာသာရှိပြီး ဘောလုံးကွင်းနှစ်ကွင်းစာ ပမာဏလောက်ပဲ ရှိတဲ့ ကျောက်တောင်ကျွန်းလေး တစ်ခုသာဖြစ်ပါတယ်။
ကျွန်းလေးပေါ်မှာ ဘာသစ်ပင်ကြီးကြီးမားမားမှ မရှိသလို တရုပ်ပြည်မနဲ့လည်း အလွန်အလှမ်းကွာတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ ဒီလိုအထီးကျန်ဖြစ်နေတဲ့ ကျွန်းလေးကို လင်မယားနှစ်ဦးက နှစ်ပေါင်း ၃၀ ကြာအောင် ယနေ့ထက်ထိ စောင့်ရှောက်နေထိုင်လာခဲ့ကြတယ်ဆိုတာ သိရရင် အရမ်းကို အံ့သြမိကြပါလိမ့်မယ်။
ဒီကျွန်းလေးမှာ ကင်းသမားအစောင့်ချထားဖို့ တရုပ်စစ်တပ်က ယခင်က လေးကြိမ်တိတိကြိုးပမ်းခဲ့ရာမှာ အရှည်ကြာဆုံးနေနိုင်ခဲ့တဲ့အဖွဲ့ ၁၃ ရက်သာဖြစ်ပါတယ်။ ဒါပေမယ့် “ဝမ်ဂျီချိုင်” ဆိုတဲ့ တပ်သားကို အစောင့်အဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ တာဝန်ပေးပြီးတဲ့အခါမှာတော့ သူဟာ ၁၉၈၆ ခုနှစ်ကနေ ယနေ့ထိ ကျွန်းကို စောင့်ရှောက်ရတဲ့တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
“ဝမ်ဂျီချိုင်” ကျွန်းလေးပေါ်ကို ပြောင်းလာတော့ အသက် ၂၉ နှစ်သာရှိသေးပြီး သူ၏ဇနီးဖြစ်သူ “ဝမ်ရှီဟွား” ကလည်း ကျောင်းဆရာမအလုပ်ကနေ ထွက်ကာ ခင်ပွန်းသည်နဲ့အတူ ကျွန်းလေးပေါ်ကို အတူလိုက်လာခဲ့ပါတယ်။
သူတို့နေ့စဉ်လုပ်ရတဲ့ တာဝန်ကတော့ တရုပ်နိုင်ငံတော်အလံကို ကျွန်းပေါ်မှာ နေ့စဉ်နံနက်တိုင်း လွှင့်ထူရတာဖြစ်ပါတယ်၊ ဒါ့အပြင် ပင်လယ်ပြင်နဲ့ ကောင်ကင်ကို စောင့်ကြည့်ရခြင်း၊ ရေမျောကမ်းတင်ဖြစ်လာတဲ့ လူတွေရှိရင် ကယ်တင်ခြင်းနဲ့ ကျွန်းကို မပျက်ဆီးအောင် ထိမ်းသိမ်းစောင့်ရှောက်ရခြင်းတို့ဖြစ်ပါတယ်။
လူသူမရှိ၊ သစ်ပင်မရှိတဲ့ ကျောက်တောင် ကျွန်းအသေးလေးပေါ်မှာ သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုက အလွန်ဆင်းရဲခက်ခဲခဲ့ပါတယ်။ သူတို့ရဲ့ သားဦးလေးကို ကျွန်းပေါ်မှာပဲ ခင်ပွန်းဖြစ်သူကိုယ်တိုင် မီးဖွားပေးခဲ့ရတာဖြစ်ပါတယ်။ ရာသီဥတုမုန်တိုင်းဒဏ်နဲ့ ဆေးဝါးအခက်အခဲတွေအားလုံးကို ကြံကြံခိုင်ရင်ဆိုင်ရင်း မျိုးချစ်စိတ်ဓါတ်ပြင်းထန်စွာနဲ့ နိုင်ငံပိုင်ကျွန်းလေးကို ကာကွယ်စောင်ရှောက်နေတဲ့ အာဂလင်မယားဖြစ်ပါတယ်။
ယခုအခါ မျိုးချစ်စိတ်ဓါတ်ဆိုင်ရာကို အခြေခံတဲ့ စိတ်ဓါတ်ပညာ ရှိစေရေးစီမံချက်နဲ့ ဒီကျွန်းလေးပေါ်ကို လူပေါင်း ငါးထောင်ကျော်လောက် လာရောက်လည်ပတ်ခဲ့ပြီးဖြစ်ပါတယ်။ “ဝမ်” တို့လင်မယားကတော့ ဒီကျွန်းလေးကို သူတို့အသက်နဲ့ခန္ဓာတည်မြဲနေသ၍ ဆက်လက်စောင့်ရှောက်သွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။