ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပါက ရေဓာတ် ဖြည့်တင်း နိုင်ရန် လိုအပ်
28 Feb 2017 1,498 Views
မြန်မာနိုင်ငံရှိ ကလေးငယ် အများစုတွင် ဖြစ်ပွားတတ်ပြီး ဒုတိယ သေဆုံးမှု အများဆုံး ဖြစ်သော ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားပါက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေနိုင် သဖြင့် ရေဓာတ် ဖြည့်တင်းသည့် ဓာတ်ဆား ရေ ကို သောက်သုံးပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း ကွင်းဆင်း စောင့်ရှောက်ရေး စီမံချက် ဒုတိယမန်နေဂျာ ဒေါက်တာ အေးမြလွင်က ပြောသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ အသက်ငါးနှစ်အောက် ကလေးသူငယ် အများ သေဆုံးနေရခြင်း၏ ဒုတိယအကြီးမားဆုံး အကြောင်းအရင်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်ဖြစ်ပြီး ယင်းရောဂါကြောင့် ကလေး ၁ဝ ဦးအနက် တစ်ဦးနှုန်း တစ်နှစ်တွင် ကလေးအရေ အတွက် ရှစ်သိန်းအထိ အသက်ဆုံးရှုံးနေရကြောင်း Unicef ၏ တင်ပြချက်အရ သိရသည်။
''ဝမ်းပျက်ဝမ်းလျှော ရောဂါက မဖြစ်မီ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် ရေဓာတ် ခန်းသွားတတ်ပါတယ်။ ဝမ်းနှစ်ကြိမ်၊ သုံးကြိမ် သွားတဲ့အတွက် ရေဓာတ်က ခန္ဓာကိုယ်ထဲမှာ ခန်းသွားတော့ ရေဓာတ် အစား ပြန်ဖြည့်ဖို့ ဓာတ်ဆားထုပ်တွေနဲ့ ပြန်ဖြည့်ရမယ်။ ဒီထက်ပိုရင် Drift သွင်းတာတို့၊ နှာခေါင်း ထဲ ပိုက်ထည့်တာတို့ ရေများများဝင်အောင် လုပ်ရပါမယ်။ တကယ်လို့ ဝမ်းပျက်တဲ့အပြင် ဗက်တီးရီးယား ပါဝင်မယ်ဆိုရင်တော့ ပိုးသတ်ဆေးတွေ တိုက်သင့်ရင် တိုက်ရမယ်။
ဝမ်းပျက်ဝမ်းလျှော ရောဂါက ဝမ်းပျက် တာအပြင် ဘယ်လို လက္ခဏာရပ်တွေ ပြသေးလဲဆိုရင် လက်ကလေးတွေမှာ ပဲကြီးရေခွံလိုမျိုး တွန့်လာ တတ်တယ်။ မျက်လုံးလေး တွေ ချိုင့်လာတယ်။ လက်ဖျားခြေဖျားအေးပြီး သွေးပေါင််ကျသွားနိုင်တဲ့ လက္ခဏာ တွေဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဒီရောဂါဟာ ကျန်းမာရေး အသိပညာတွေဖြစ်တဲ့ အစားအစာ သန့်ရှင်း ဖို့နဲ့ အစာမစားမီ လက်ဆေး ဖို့တို့ကိုသိရင် ကြိုတင် ကာကွယ်နိုင်ပါတယ်'' ဟု ဒေါက်တာအေးမြလွင်က ပြောကြားခဲ့သည်။
အမျိုးသားအဆင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာ စီမံကိန်း၏ လေ့လာ ချက်အရ အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ကလေးသူငယ် သေဆုံးမှုမှာ အရှေ့ တောင် အာရှ နိုင်ငံများ၌ ၃၃ ရာခိုင်နှုန်းခန့်နှင့် မြန်မာနိုင်ငံ၌ ၂၅ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရသည်။
Credit : health.thithtoolwin