အသည်းထိခိုက်စေသော အာဖလာဘီဝမ်းမှိုဆိပ်များ ကွမ်းသီးတွင် အများဆုံး ပါဝင်
27 Feb 2017 1,547 Views

အသည်းကိုထိခိုက်စေသော အာဖလာဘီဝမ်းမှိုဆိပ်များ ကွမ်းသီးတွင် အများဆုံးပါဝင်နေပြီး သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှု ပမာဏထက် လေးဆခန့် မြင့်မားနေကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများ၏ သုတေသန ပြုလုပ်ချက်အရ သိရသည်။ ဈေးနှင့် ကွမ်းယာဆိုင်များမှ ကွမ်းသီးနမူနာ ၄၂ ခုကို စုဆောင်းပြီး အာဖလာဘီဝမ်း မှိုဆိပ်ပါဝင်ခြင်း ရှိ မရှိ စစ်ဆေးရာ နမူနာအားလုံးတွင် အာဖလာဘီဝမ်းမှိုဆိပ်များ ပါဝင်နေပြီး ပါဝင်မှုပမာဏမှာ သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှုပမာဏထက် လေးဆခန့် မြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အာဖလာတောက်ဆင်ဘီဝမ်းသည် သဘာဝအလျောက်ဖြစ်ပေါ်သည့် အပင်ထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး အချို့သော ဖန်းဂပ်စ်များဖြစ်သည့် Asprgillus flavus, Asprgillus Parasiticus များ ထွက်ရှိကြောင်းနှင့် ယင်းအဆိပ်ကို အဓိကအားဖြင့် အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများရှိ ကောက်ပဲသီးနှံ၊ အခွံမာအသီးတို့တွင် တွေ့ရှိရကြောင်း သိရသည်။ သုတေသနပြုလုပ်ရာတွင် ဈေးများ၌ ရောင်းချနေသည့် ကွမ်းသီးလုံးများ၊ ကွမ်းယာဆိုင်များတွင် ခွဲခြမ်းထားသည့် ကွမ်းသီးစိတ်များနှင့် ကွမ်းယာအတွင်း ထည့်သွင်းထားသည့် ကွမ်းသီးစိတ်နမူနာ ၄၂ ခုကို စုဆောင်းပြီး ELISA နည်းပညာဖြင့် အာဖလာတောက်ဆင်ဘီဝမ်း ပါဝင်ခြင်း ရှိ မရှိ တိုင်းတာစစ်ဆေးခဲ့ရာ ကွမ်းသီးစိတ်နမူနာ ၃၃ ခုတွင် အာဖလာတောက်ဆင်ပါဝင်မှု ၁၀ - ၁၂ ppb (၇၈ ဒသမ ၆ရာခိုင်နှုန်း) နှင့် နမူနာကိုးခုတွင် ၂၂ - ၂၃ ppb (၂၁ ဒသမ ၄ ရာခိုင်နှုန်း) တို့ပါဝင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းတွေ့ရှိချက်များအရ ကွမ်းသီးတွင် အာဖလာတောက်ဆင်ပါဝင်မှု ပမာဏမှာ ၁၀၁၂ ppb ဖြစ်ပြီး ဥရောပဘုံဈေး အဖွဲ့မှ သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှု ပမာဏ ၅ ppb ထက် မြင့်မားနေကြောင်းကို တွေ့ရှိခဲ့သည်။
သုတေသနအရ လူအများစားသုံးနေသည့် ကွမ်းသီးများတွင် အာဖလာတောက်ဆင်ဘီဝမ်း ပါဝင်နေကြောင်းနှင့် အာဖလာတောက်ဆင် ပမာဏအနည်းငယ်ကို ရေရှည်စားသုံးခြင်းဖြင့်စားသုံးသူများတွင် ဆဲလ်များပျက်စီးခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းတို့ဖြစ်နိုင်ကြောင်း သုတေသီများက ပြောကြားသည်။ မြန်မာနိုင်ငံသည် ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်နေပြီး အသက်၁၅ နှစ်အထက်အမျိုးသား ၅၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၆ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါသည့် ကွမ်းစွဲနေကြောင်း၊ ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း၊ ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့်နိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့်နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများသာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်းများလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ ထုံးဖြူသီးသန့် ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၂ ဒသမ ၂ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံထုတ် ဆေးပေါင်းများ ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈ ဒသမ ၀ ရာခိုင်နှုန်း၊ အခြားစားသုံးမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
Credit ; news-eleven