ဘုရားစေတီများတွင် ဖိနပ်အပ်ရန်ဌါန ကန်ထရိုက်ဖြင့် ပိုက်ဆံကောက်ခံသောစနစ် ဖျက်သိမ်းမည်
27 Feb 2017 1,406 Views

မြန်မာနိုင်ငံအတွင်းရှိ ဘုရားစေတီများတွင် ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်နှံခြင်းကို လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးသည်နှင့် ဆက်လက်သက်တမ်းတိုးပေးမည်မဟုတ်ပဲ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းရန်ညွှန်ကြားထားကြောင်း သာသနာရေးဦးစီးဌါနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ရွှေတိဂုံစေတီတော် ဖိနပ်မပ်ရန်ဌါန၌ ဖိနပ်တရံအပ်နှံခ ၅၀ ကျပ်သာ ကောက်ခံရန်ညွှန်ကြားထားသော်လည်း ပိုမိုကောက်ခံနေသည်ဟူသော တိုင်ကြားချက်များ ရှိလာခဲ့ပြီးနောက် အဆိုပါ ဖိနပ်ကောက်ခံမှု ကန်ထရိုက်စနစ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ဘုရားစေတီများရှိ ဖိနပ်အပ်ရန်ဌါနကို ဂေါပကအဖွဲ့ဝန်ထမ်းများကို တာဝန်ယူဆောင်ရွက်ရန် ညွှန်ကားထားပြီး ဖိနပ်အပ်နှံမှုအတွက် မည်၍မည်မျှဟု သတ်မှတ်မည်မဟုတ်ပဲ အလှူခံပုံးများထားရှိကာ မိမိတို့ စေတနာအလျှောက် ထည့်ဝင်လှူဒါန်းကြရန် စီစဉ်သွားမည်ဖြစ်ပြီး လက်ရှိတွင် လုပ်ကိုင်နေသော ကန်ထရိုက်စနစ် သက်တမ်းကုန်ဆုံးပါက ကန်ထရိုက်စနစ် ဖိနပ်အပ်နှံဌါနကို အပြီးတိုင်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သာသာနာရေးဦးစီးဌါနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရွှေတိဂုံစေတီတော် ဖိနပ်အပ်နှံဌါန၌ ကြေငြာရေးသားထားသော သတ်မှတ်နှုန်းထား ၅၀ ကျပ်အစား ၁၀၀ ကျပ်ကောက်ခံနေသည့်အပေါ် မကျေနပ်သဖြင့် ပိုက်ဆံကောက်ခံသူအား မေးမြန်ခဲ့ရာ အဆိုပါကြေငြာချက်နှုန်းထားမှာ ၂၀၁၅ ခုနှစ်ကဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့သဖြင့် ဂေါပကအဖွဲ့ထံသို့ တိုင်းကြားခဲ့သည့် အကြောင်း လူမှုကွန်ယက်အွန်လိုင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက်ထွက်လာခဲ့ခြင်းဖြစ်သည်။
Source:မြစ်မခ
Photo:သူရအောင်