BEC-TERO TV

လာမည့် ရန်ကုန်သင်္ကြန်တွင် မြေများကို ဈေးကြီးနှင့်ငှားပြီး လက်မှတ်ရောင်းစားခြင်းမျိုး မဖြစ်အောင်

20 Feb 2017     1,361 Views


လာမည့် ရန်ကုန်သင်္ကြန်တွင် ယခင်နှစ်ကကဲ့သို့ မြေများကို ဈေးကြီးနှင့်ငှားပြီး လက်မှတ်ရောင်းစားခြင်းမျိုး မဖြစ်အောင် ကြိုးစားဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ မဟာသင်္ကြန် ကျင်းပရေးကော်မတီ အကြိုညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ စသည်တို့ တက်ရောက်ခဲ့ကြသည်။

“သင်္ကြန်ကိုလည်း အချိန်စောစော ပေးချင်ပါတယ်။ အနုပညာသည်တွေအတွက် စာချုပ်စာတမ်း ချုပ်ဆိုရမယ်ဆိုတော့ သူတို့ရဲ့ ဘ၀ရပ်တည်ရေးအတွက် ဒီလိုပွဲတော်ကြီးတွေကျမှ ပိုက်ဆံရတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အဆင်ပြေချောမွေ့အောင် တည်ဆောက်ရေး လုပ်မယ်ဆိုတဲ့သူတွေလည်း မနှစ်ကတုန်းကလိုမျိုး မြေတွေကို ဈေးကြီးတွေနဲ့ ငှားပြီးတော့ လက်မှတ်ရောင်းစားတာမျိုး မဖြစ်အောင် အခြေအနေကို ကြိုးစားဆောင်ရွက်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ပြီးခဲ့သည် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ခွင့်မပြုခဲ့သည့် အခြေအနေကြောင့် မဏ္ဍပ်များနှင့် အနုပညာရှင်များ ချုပ်ဆိုထားသည့်စာချုပ်များ ပျက်ပြယ်ခဲ့ရသည်။ “မြန်မာပြည်မှာ လက်နက် လွယ်လွယ်ကိုင်လို့ မရပါဘူး။ ဘာကြောင့်လဲဆို အဲဒီလောက် မလွယ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် နိုင်ငံရေးသမားများအဖြစ်နဲ့ နှစ်ပေါင်းများစွာ နေခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်ဟာ ထိတ်လန့်စရာ ရာဇ၀တ်မှုတွေ ပြည့်နှက်နေတဲ့ မြို့လည်း မဟုတ်ပါဘူး။ ညဘက်မှာ အားလုံးပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည်သူအားလုံးရဲ့ရင်ထဲမှာ အသိတစ်ခု ရှိနေပါတယ်။ ဒီလုပ်နေတဲ့ သူတွေနဲ့ မကြိုက်တဲ့သူတွေနဲ့ ဒီလူတွေ အကောင်းပဲ လုပ်လုပ်၊ အဆိုးပဲ လုပ်လုပ် ပြောလိုက်ဦးမယ်ဆိုတဲ့ ဟာတွေနဲ့ ဒီအခြေအနေပါပဲ။ ဒီအတွက် ကျွန်တော်တို့ ပြည်သူလူထုအတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ။

ကျွန်တော်တို့က အသက်အန္တရာယ်အတွက် ဘာအတွက် ပြည်သူလူထုအတွက် ကျွန်တော်တို့ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။ “သင်္ကြန်ပွဲတော်ကိုလည်း စနစ်တကျဖြစ်ဖို့ ပြင်ဆင်နေပါတယ်။သင်္ကြန်ကို အများပြည်သူအတွက်ရှိသလို သင်္ကြန်ပွဲတော်လိုမျိုး ၀င်းတစ်ဝင်းမှာ လုပ်မယ့်သူကိုလည်း သီးခြားခွင့်ပြုလိုက်မှာ ဖြစ်ပါတယ်။ အားလုံးကတော့ ခရိုင်ကြီးလေးခရိုင်မှာ ဗဟိုမဏ္ဍပ်ကြီး လေးခုနဲ့ ရန်ကုန်ရဲ့မြို့တော်ဝန်မဏ္ဍပ်ကတော့ ဗဟိုမဏ္ဍပ်အဖြစ်ရှိပြီး ခရိုင်လေးခရိုင်ကို ဖြန့်ကြက်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်တဲ့အဆင့်မျိုး ဖြစ်အောင် ကြိုးပမ်းဖို့ ပြင်ဆင်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Credit : news-eleven


20 Feb 2017     1,361 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS