မန်းရှိ ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးကင်းစကလေးငယ်တစ်ဦးပျောက်ဆုံး
17 Feb 2017 1,345 Views

မန္တလေးမြို့၊ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးကင်းစကလေးငယ်တစ်ဦးပျောက်ဆုံးမှု ဖြစ်ပွားတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အခုလ၁၂ရက်က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးဟာ ဗဟိုအမျိုးသမီးဆေးရုံ၊သားဖွားမီးယပ်ဆောင်အောက်ထပ်မှာ တက်ရောက်ကာ ကလေးမီးဖွားတာဖြစ်ပါတယ်။နောက်နေ့၁၃ရက်မှာ အသက်၂၈နှစ်အရွယ်တခြားအမျိုးသမီးဟာ ကလေးမီးဖွားထားတဲ့အမျိုးသမီးရဲ့ကုတင်အနီးရောက်လာပြီး ကလေးနဲ့မိခင်ကို (ကလေးမီးဖွားထားတဲ့အမျိုးသမီး) အမြင်မတော်တာတွေ ကူညီဆောင်ရွက်ပေးပါတယ်။ ကလေးနဲ့မိခင်(ကလေးမီးဖွားထားတဲ့အမျိုးသမီး)ကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသမီးက သူ့ရဲ့နာမည်ဟာ မနှင်းနှင်းအေးဖြစ်ပြီး သူရဲ့အစ်မဖြစ်သူလည်း တခြားအဆောင်မှာ ကလေးမီးဖွားနေကာသူနာပြုတွေငှားရမ်းထားလို့ သူ့ကိုမလိုအပ်တာကြောင့် အခုလိုလာရောက် ကူညီဆောင်ရွက်ပေးတာလို့ ပြောဆိုပါတယ်။
နောက်နေ့၁၄ရက်မှာ အဲသည်ကလေးနဲ့မိခင်(ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်သူ)ဟာ သားဖွားမီးယပ်ဆောင်အောက်ထပ်ကနေ အပေါ်ထပ်အဆောင်မှာပြောင်းရွှေ့ကုသရပြီး ကလေးရဲ့ဖခင်ဖြစ်သူက နေ့ခင်းဘက်မှာ အလုပ်သွားရောက်လုပ်ကိုင်ရတာကြောင့် ဇနီးဖြစ်သူရဲ့မိခင်သာ မွေးလူနာစောင့်အဖြစ်ကျန်ရှိတာဖြစ်ပါတယ်။ ကလေးနဲ့မိခင်(ကလေးမီးဖွားထားတဲ့အမျိုးသမီး)တို့ဟာ အခုလ၁၅ရက်က ကုတင်ပေါ်မှာအတူလှဲနေချိန် မနှင်းနှင်းအေးဆိုသူက ရောက်လာပြီး လေးရက်သားအရွယ်ရှိကုတင်ပေါ်လှဲနေတဲ့ကလေးငယ်ကို ပွေ့ချီကာ နေရောင်ပြပေးမယ်လို့ပြောဆိုပြီး အဆောင်အောက်ထပ်ကိုဆင်းသွားရာက ပြန်လည် မရောက်ရှိလာတော့တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ကလေးပွေ့ချီသွားတဲ့မနှင်းနှင်းအေးဆိုတဲ့အမျိုးသမီးကို ဆေးရုံအနီးဝန်းကျင်တွေမှာ လိုက်လံရှာဖွေပေမယ့် မတွေ့ရှိရတော့တာဖြစ်ပါတယ်။ မနှင်းနှင်းအေးဆိုတဲ့အမျိုးသမီးနဲ့ စတင်ရင်းနှီးချိန်က သူမဟာ စက်မှုမြို့သစ်ရှိ ဘုရင်ဘီစကစ်စက်ရုံမှာ အလုပ်လုပ်တယ်လို့ ပြောဆိုဖူးတာကြောင့် သွားရောက်စုံစမ်းပေမယ့် မတွေ့ရှိခဲ့ပါဘူး။ ကလေးကိုပွေ့ချီသွားတဲ့မနှင်းနှင်းအေးဆိုတဲ့အမျိုးသမီးကို ချမ်းအေးသာစံမြို့နယ်မြေ ရဲစခန်းက (ပ)၇၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၆၃အရအမှုဖွင့်ထားပြီး၊ ဆေးရုံရှိစီစီတီဗွီကင်မရာ မှတ်တမ်းရယူကာ ကလေးခိုးယူသူအမျိုးသမီးရဲ့ပုံသဏ္ဍန်သိရှိရမိဖို့ တခြားရဲစခန်းတွေကိုလည်း ဖြန့်ဝေဆောင်ရွက်သလို ပူးပေါင်းဆောင်ရွက်စုံစမ်းနေပါတယ်။
Credit ; kumudranews