မူးယစ်တရားခံပြေး နဂါးလေး၏ စွန့်ပစ်ခဲ့သော မော်တော်ယာဉ် ကျည်ဆံပေါက်ရာများနှင့် တွေ့ရှိ
17 Feb 2017 1,560 Views

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းနှင့် လမ်းမတော်ရဲစခန်းတို့မှ အလိုရှိနေသော မူးယစ်တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့် ထွက်ပေးလွတ်မြောက်ခဲ့သော ကားအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရှာဖွေတွေရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း) ၂၄ ရပ်ကွက်၊ လှော်ကားလမ်းမပေါ်ရှိ ကားဝပ်ရှော့တွင် ကားပြုပြင်ရန် ရောက်လာသော နဂါးလေးအား ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့သော်လည်း ၎င်းစီးလာသော ခဲရောင် Nissan X-TRAIL အမျိုးအစား မော်တော်ယာဉ်နှင့် ရဲကားများကို ဝင်တိုက်ဖယ်ရှားကာ ထွက်ပြေးစဉ် ရတပ်ဖွဲ့မှ သေနတ်နှင့် ပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်(ယနေ့)တွင် တရားခံပြေး နဂါးလေး စီးနင်းထွက်ပြေးခဲ့သော 5D-3753 X-TRAIL အမျိုးအစားခဲရောင်မော်တော်ယာဉ်ကို ကားစက်နှိုးလျက်၊ ကားမီးများဖွင့်လျက်၊ ဟွန်းသံများမြည်ဟီးလျက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျည်စုအနောက်ကွင်း၊ လယ်ကွင်း အလယ်မြေသားလမ်းပေါ်တွင် ရပ်တန့်ထားလျှက် တွေ့ရှိခဲ့ရသည်။


မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်မောင်းဘေး ရှေ့တံခါးယာဘက်လိုင်နာစပ်တွင်ကျည်ဆံရာ ၁ ချက်၊ ရှေ့တံခါးအလယ်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက်ခန်း ယာဘက်တံခါးဘောင်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက်မှန်တွင် ကျည်ဆံရာ ၁ ချက်တို့ကို တွေ့ရှိခဲ့ရပြီး တရားခံပြေး နဂါးလေးမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
Source:yangon police