BEC-TERO TV

ခန္ဓာကိုယ်ပေါ် ရေနွေးပူနဲ့လောင်းပြီး နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေးနဲ့ အင်တာဗျူး ရုပ်သံ

17 Feb 2017     1,399 Views


ခင်ခင်ထွန်းရဲ့ ကျောပြင်မှာ အပူလောင်ကျွမ်းထားတဲ့ ဒဏ်ရာတွေဟာ အကွက်လိုက်ဖြစ်နေပြီး ဒါတွေဟာ လိမ္မော်သီးတလုံးစီ ခိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်ရှင်က ရေနွေးပူနဲ့ လောင်းလို့ရခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
 
ချမ်းသာကြွယ်ဝတဲ့ အိမ်တွေမှာ ကလေးငယ်တွေကို အခိုင်းအစေအဖြစ် ကျွန်ပြုခိုင်းစေလေ့ ရှိကြတဲ့ မော်လမြိုင်မြို့က အိမ်တအိမ်မှာ အသက် ၁၄ နှစ်အရွယ် ခင်ခင်ထွန်းနဲ့ ညီမဖြစ်သူတို့ဟာ အိမ်အကူတွေအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြတာပါ။
 
“ဒေါ်အေးအေးစိုးက ဓာတ်ဘူးတလုံးယူလာပြီး ကျမရဲ့ ဘယ်ဘက်ခန္ဓာကိုယ်ပေါ်ကို လောင်းချခဲ့ပြီး အမှန်ကို ပြောဖို့ ပြောပါတယ်။ ကျမက ကျမဆီမှာ သူပြောသလို လိမ္မော်သီးတလုံးမှ မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ကျမက အပူလောင်လို့ အော်တဲ့အခါ သူက ကျမခေါင်းကို ဆက်ရိုက်နှက်ခဲ့ပါတယ်။ သွေးတွေမှ အများကြီးပဲ” လို့ အေအက်ဖ်ပီသတင်းဌာနကို ခုသီတင်းပတ်အတွင်းမှာ ဖြေခဲ့တာပါ။
 
ခင်ခင်ထွန်းဟာ အသက် ၄၀ အရွယ်ရှိ မုဆိုးမတဦးဖြစ်တဲ့ ဒေါ်အေးအေးစိုးနဲ့ မိခင်ဖြစ်သူ ဒေါ်တင်ပြုံးတို့အိမ်မှာ ၃ နှစ်လောက် အိမ်အကူအဖြစ် အလုပ်လုပ်ခဲ့ပြီးမှ လွတ်မြောက်လာခဲ့ရတာပါ။
ဖခင်အတွက် ဆေးဖိုးစရိတ် ထောက်ပံ့ပေးနိုင်ဖို့ အဲဒီအိမ်ကို ဖခင်ကိုယ်တိုင် ခင်ခင်ထွန်းကို ပို့ဆောင်ခဲ့ပြီးနောက်မှာ အသက် ၁၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ညီမဖြစ်သူ သဇင်အောင်ကိုလည်း နောက်ပိုင်းမှာ ထပ်မံပို့ဆောင်ခံခဲ့ရတာပါ။
 
အစပိုင်းမှာတော့ ခင်ခင်ထွန်းဟာ တရက်ကို ၁၇ နာရီကြာ အလုပ်လုပ်ပြီး ရတဲ့ ၁ လကို ကျပ် ၃ သောင်းရခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဖခင်သေဆုံးခဲ့ပြီးနောက်မှာတော့ ရိုက်နှက်ညှဉ်းပန်းမှုတွေ စတင်ခဲ့တာလို့ ဆိုပါတယ်။
 
အိမ်ရှင်တွေရဲ့ အစားအသောက် ကျွေးမွေးရေးဆိုင်ရာ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မလှရွှေက ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဒီမိန်းကလေးတွေကို ရေနွေးပူနဲ့ လောင်းပြီးနှိပ်စက်ခဲ့တာကို မျက်မြင်တွေ့ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
ကလေးတွေကို ဒေါ်အေးအေးစိုးက ရေနွေးပူနဲ့ မလောင်းချခင်မှာ အဝတ်တွေကို ချွတ်ဖို့ အမိန့်ပေးစေခိုင်းခံခဲ့ရတယ်။ ကျမ ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ကျမ ဘာလုပ်နိုင်မှာလဲ။ ကျမ ဘာမှ မပြောနိုင်ခဲ့ပါဘူး”လို့ မျက်ရည်အဝိုင်းသားနဲ့ သူက ပြောပါ တယ်။
 
ဒီမိန်းကလေး ၂ ယောက်ဟာ မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ မြို့ပြဧရိယာတွေမှာ အိမ်အကူအဖြစ် ကျင်လည်လုပ်ကိုင်နေကြရတဲ့ ထောင်သောင်းချီတဲ့ ကလေးငယ်တွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။
သီးခြားဖြစ်နေပြီး မမြင်နိုင်တဲ့ အခြေအနေမှာ ဥပဒေအရ ဘာကိုမှ ကာကွယ်မပေး ထားနိုင်တဲ့အတွက် သူတို့ဟာ ညှဉ်းပန်းနှိပ်စက်မှု ခံရနိုင်ခြေဟာ မြင့်တက်လာနေတာလို့ ပညာရှင်တွေက ပြောပါတယ်။
 
ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(အိုင်အယ်လ်အို) လက်ထောက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ အရာရှိ ပီရာမယ်လ် ပီချိုင်ဝေါင်စ်က “ဒါတွေကို စောင့်ကြပ်ကြည့်ရှုနေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ အိမ်ထောင်စုတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးနဲ့ ပညာရေးပါပဲ။” လို့ ပြောပါတယ်။
 
ခင်ခင်ထွန်းနဲ့ ညီမဖြစ်သူတို့ကို ဒေသတွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ မသင်းသင်းနွယ်က ဒီဇင်ဘာလနှောင်းပိုင်းမှာ ဆေးရုံမှာ တွေ့ရှိခဲ့ပြီး ကယ်တင်နိုင်ခဲ့တာပါ။ အိမ်ရှင်တွေဟာ သူတို့ကို အစားအသောက်တွေ ခိုးတယ်ဆိုပြီး စွပ်စွဲကာ ကြိုးနဲ့ ချည်နှောင်ပြီး ငြင်းရင်တော့ အသားကို အပူနဲ့ကပ်တာတွေလုပ်တယ်လို့ မိန်းကလေးတွေက ပြောပါတယ်။
 
တခါတရံမှာတော့ သူတို့ကို သွေးထွက်သံယိုဖြစ်တဲ့အထိ အချင်းချင်းရိုက်နှက်စေပြီး ဒဏ်ရာတွေကို ငရုတ်သီးမှုန့်တွေနဲ့ ပွတ်တာတွေ၊ အချိုမှုန့်တွေ၊ ဗီနီဂါတွေနဲ့ ဒဏ်ရာတွေကို သိပ်တာတွေလည်း လုပ်ကြသေးတယ်လို့ ဆိုပါတယ်။
“ကျမတို့ တယောက်နဲ့ တယောက် မရိုက်ကြဘူးဆိုရင် သူတို့က ကျမတို့ကို ရိုက်လိမ့်မယ်။ အဲဒါကြောင့် ကျမတို့ချင်း ရိုက်ပုတ်ခဲ့ကြရတယ်။ သူတို့က ကျမတို့ချင်း မုန်းကြစေချင်တာ။”လို့ မျက်ရည်အဝိုင်းသားနဲ့ ခင်ခင်ထွန်းက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဒေါ်အေးအေးစိုးဟာ ထိခိုက်နာကျင်စေမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုတွေနဲ့ စွဲချက်တင်ခံရပြီး တရားရုံးကို ရောက်ရှိလာခဲ့ပေမယ့် အာမခံရရှိထားခဲ့ပါတယ်။
ဒီအမှုကို မိန်းကလေးတွေရဲ့ အဒေါ်ဖြစ်တဲ့ ဒေါ်လှကြည်က အမှုဖွင့်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ နှေးကွေးလေးလံမှုနဲ့ အကျင့်ပျက်ခြစားမှုတွေရှိနေတဲ့ကြားက ခုလို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
 
ကျမ ကလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာ တကယ့်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒေါသလည်း ထွက်တယ်။ ဒါကြောင့် အမှုဖွင့်ခဲ့တာပါ။”လို့ ဆိုပါတယ်။
 
ခင်ခင်ထွန်းကတော့ တခါတရံမှာ မူးနောက်နောက်နဲ့ ခံစားနေရပေမယ့် ညီမဖြစ်သူနဲ့အတူ ဘဝအသစ်မှာ ဆက်လက်ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေတာပါ။
ကျမ ညီမလေးနဲ့အတူ ကျောင်းပြန်သွားချင်တယ်။ ကျမအသက်နဲ့ ဒီအရွယ်မှာ ကျောင်းပြန်တက်လို့ ရဦးမလား
 
Credit:DVB

17 Feb 2017     1,399 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS