BEC-TERO TV

တောင်ဒဂုံတွင် တရားခံပြေးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်နေဆဲ

17 Feb 2017     1,358 Views


မူးယစ်ဆေးဝါးမှု၊ နာကျင်စေမှု ပုဒ်မများနှင့် တိမ်းရှောင်နေသော တရားခံပြေးကို ရဲတပ်ဖွဲ့က တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်တွင် ပိတ်ဆို့၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက် လှော်ကားလမ်းမပေါ်ရှိ ကားဝပ်ရှော့တစ်ခုသို့ ပါဂျဲရိုအမျိုးအစား ခဲရောင်နှင့် ရောက်ရှိနေသော တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံပြေးက ကားမောင်းပြီး ထွက်ပြေးစဉ် ရဲအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တားဆီးသော်လည်း ပိတ်ဆို့ထားသည့် ရဲကားများကို ဝင်တိုက်ကာ ထွက်ပြေးလွတ်မြောက်သွာခဲ့ခြင်းဖြစ်သည်။
 
သူက စပီကာဘောက် လာပြင်တာပါ၊ ကားပေါ်ကတောင်မဆင်းပါဘူး။ အဲဒီအချိန်မှာ ရဲကားသုံးစီးရောက်လာပါတယ်၊ အဲ့အချိန်မှာ သူက မောင်းပြေးတော့ ရဲက သေနတ်နဲ့ သုံး၊ လေးချက် ပစ်လိုက်ပါတယ်၊ ကားကို တစ်ချက်ထိသွားပါတယ်။ ရဲတွေရောက်လာတဲ့အချိန်မှာ သူ့ကားက ရဲကားနှစ်စီးကြား ရောက်သွားတယ်၊ ဒီတော့ ရဲကားတွေကို တိုက်ဖယ်ပြီး မောင်ပြေးသွားတာပါ” ဟု ရပ်ကွက်တွင်းနေထိုင်သူ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
 
ထွက်ပြေးလွတ်မြောက်လျှက်ရှိသော တရားခံပြေးကို ဖမ်းဆီးရမိရန်အတွက် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်နေထိုင်သော တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းမှ မူးယစ်ပုဒ်မ၊ လမ်းမတော်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မတို့နှင့် အမှုဖွင့်ထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရှိရသည်။
 
Credit:7Day
 

17 Feb 2017     1,358 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS