BEC-TERO TV

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှ နောက်ဆက်တွဲ တရားခံ အောင်ဝင်းခိုင်ဆိုတာ ဘယ်သူလဲ..

16 Feb 2017     1,681 Views


အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီး ၁၇ ရက်အကြာတွင် ဖမ်းဆီးရမိသော ကြည်လင်း နှင့် အောင်ဝင်းဇော်တို့အား စစ်ဆေးချက်မေးမြန်ချက်များအရ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင်  တတိယမြောက် နောက်ထပ် တရားခံဖြစ်သူ အောင်ဝင်းခိုင်ဆိုသူတစ်ဦး ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ 
 
 
အောင်ဝင်းခိုင်ဆိုသူသည် လက်ရှိတွင် ဖမ်းဆီးရမိထားသော အောင်ဝင်းဇော်နှင့် ညီအစ်ကိုတောစပ်သူဖြစ်ပြီး  ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ငွေကျပ် သိန်းတစ်ထောင်နှင့် ခိုင်းစေခဲသူဟု တရားခံများမှ ထွက်ဆိုထားခဲ့သူဖြစ်သည်။ 
အောင်ဝင်းခိုင်ဟာ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဇာတိဖြစ်ပါတယ်။ သူ့ရဲ့အမြဲတမ်းနေရပ် လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းမှာ နေထိုင်သူဖြစ်ပါတယ်။
အောင်ဝင်းခိုင်မှာ ထင်ရှားတဲ့ အမှတ်အသားကတော့ နဖူးမှာ အမာရွတ်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ တပ်မတော်ဒုဗိုလ်မှူးကြီးရာထူးကနေ ဆန္ဒအလျောက်နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
 
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဆက်စပ်တရားခံတွေအနေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒုတိယမြောက် တရားခံဆိုသူ အောင်ဝင်းဇော်နဲ့တတိယမြောက် တရားခံလို ယူဆရပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်တို့ နှစ်ဦးစလုံးမှာ ဒုဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေအဖြစ် ထူးထူးခြားခြားဖြစ်နေပါတယ်။
 
တရားလွတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သတ်တဲ့ ဆက်စပ်သတင်းအချက်အလက်တွေကို ဖော်ထုတ်ပြောဆိုခဲ့တဲ့ ဦးအောင်စိုးက  ” အောင်ဝင်းဇော်ကိုပဲ သိတာ။ အောင်ဝင်းခိုင်ကိုတော့ အကို မသိဘူး”လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ ဒုတိယမြောက်ဖမ်းဆီခံရသူ ဦးအောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ သေနတ်ဝယ်ယူဖို့ ကရင်ပြည်နယ် ဘားအံမြို့ကို သွားရောက်ခဲ့ပါတယ်။ အရင်ရှေးဟောင်းပစ္စည်းအရောင်းအဝယ်လုပ်ရင်း ရင်းနှီးခဲ့သူတွေမှ တဆင့် ရှမ်းနီဘက်မှာ ရွှေတူးဖော်နေတာကြောင့် သေနတ်တွေဝယ်ယူလိုတယ်လို့ဆိုကာ ရှာဖွေခဲ့ပြီး ၉ မမ ပစ္စတိုတစ်လက်နဲ့ ကျည် ၁၁ တောင့်ကို ငွေကျပ် ၂၅ သိန်းနဲ့ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင်  ၅ လုံးပြူးသေနတ် တစ်လက်နဲ့ ကျည်  ၄  တောင့်ကို လည်း ငွေကျပ် ၂၅ သိန်းနဲ့ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ အဲသည်သေနတ်တွေကို အောင်ဝင်းခိုင်ဆီက စရံငွေအဖြစ်ရရှိတဲ့ ကျပ်သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အုန်းဖန်နေ မြင့်ဆွေဆီက သေနတ်တွေ ဝယ်ယူခဲ့တယ်ဆိုတာဟာ ဦးအောင်ဝင်းဇော်က လိမ်လည်ပြောကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အောင်ဝင်းခိုင်က တယ်လီဖုန်းမှ တဆင့် အောင်ဝင်းဇော်ဆီ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒါက အောင်ဝင်းခိုင်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဦးကိုနီ လေယာဉ်နဲ့ပြန်လာမှာဖြစ်တာကြောင့် သေနတ် အသင့်ပြင်ထားကြဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အောင်ဝင်းခိုင်က ဇန်နဝါရီလ ၂၉ ရက်နေ့မနက် ၉ နာရီအချိန်မှာလည်း ၂ ကြိမ်ဆက်သွယ်လာကာ ရန်ကုန်လေဆိပ်ကို ဦးစွာသွားနှင့်မယ်လို့ ပြောကြားခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။
သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ အောင်ဝင်းခိုင်ဟာ ဘာကြောင့် ဦးကိုနီကို သတ်ဖြတ်ဖို့ခိုင်းစေခဲ့တယ်ဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။
 
 
လက်ရှိတွင် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုသူမှာ ရှောင်တိမ်းလွတ်မြောက်နေဆဲ ဖြစ်ပြီး၊ သေဆုံးသွားခဲ့ပြီဆိုသော အတည်မပြုနိုင်သေးတဲ့ သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။ ထိုင်းနိုင်ငံတွင် နေထိုင်သူ လင်းယုန်မာန်၏ ထောက်လှမ်းချက်များအရ အောင်ဝင်းခိုင် ဆိုသူသည် ၂၀၁၁ ခုနှစ် ခ.လ.ရ(၃၂) တွင် တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်အေဝမ်းဆိုသူနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတာကြောင့် သေနတ်သမား ကြည်လင်းကို လက်နက်ထောက်ပံ့မှုနှင့် သေနတ်ပစ် လေ့ကျင့်မှုတို့တွင် ပါဝင်ပက်သက်မှု ရှိနိုင်ကြောင်း ဖော်ပြထားသည်။
 
 
 
အောင်ဝင်းခိုင်သည် သူ၏ ဖေ့စ်ဘုတ်အကောင့် “Agwin Khine” ကို “Davit Tun” အဖြစ် အမည်ပြောင်းလဲပြီး ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ထိ အသုံးပြုသွားခဲ့ကြောင်း စုံးစမ်းသိရှိသည့်အတွက် အောင်ဝင်းခိုင် သေဆုံးသည်မှာ မဟုတ်ပဲ ရှောင်တိမ်းနေဆဲဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် အင်တာပိုရဲများနှင့် ချိပ်ဆက် ရှာဖွေရန် တင်ပြထားကြောင်း သိရှိရသည်။
 
Credit:ကုမုန္ဒြာ၊ လင်းယုန်မာန်

 


16 Feb 2017     1,681 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS