ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား အန္တိမဈာပနကျင်းပမည့်နေရာ
15 Feb 2017 1,890 Views

မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊စုဒ္ဒဿမရွေကျင်သာသနာပိုင် ဇယမေဒနီဝါဆို ဆရာတော်ဘုရားကြီးသည် ဖေဖေါ်ဝါရီ ၁၄ ရက်၊ နံနက် ၁ နာရီခွဲက ဘ၀နတ်ထံပျံလွန်တော်မူသဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်ကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် အန္တိမဈာပနကျင်းပမည့် အောင်မြေသာစံမြို့နယ်၊ မြင်းပြိုင်ကွင်းသို့ ဒေါင်း ယာဉ်ပျံဖြင့် ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
‘‘ဆရာတော်ကြီးက သက် တော်လည်း ၁၀၀ ရှိပြီ။ ဆေးရုံ တင်ထားရတာလည်း ကြာပြီ။ အခု ပျံလွန်တော်မူတာက လူကြီး ရောဂါနဲ့ ပျံလွန်တော်မူတာပါ’’ဟု အဆိုပါ ဆရာတော်က မိန့်ကြား သည်။
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်တွင် ဖေဖေါ်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီက ဈာပနကျင်းပရေးအစည်းအဝေး ပြုလုပ်ရာ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တပည့်ဒါယကာများတက် ရောက်ကြသည်။ ရုပ်ကလာပ်တော် သယ် ဆောင်မည့် နိဗ္ဗာန်ယာဉ်ကို သီတဂူဆရာတော်ကြီးက တာဝန်ယူကာ မြန်မာ့လက်မှုပညာရှင်တမ္ပဝတီဦးဝင်းမောင်က ဒေါင်းပျံနှစ် စင်းမှ ဆရာတော်ဘုရားကြီး အ ထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော ထူပါစေတီကို သယ်ဆောင်သည့် ပုံစံဖြင့် တည်ဆောက်မည်ဟု သတင်းရရှိသည်။
"နောက်ဆုံးအန္တိမဈာပနပွဲမှာ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတော်နဲ့လိုက်ဖက်အောင် ဆောင်ရွက်သင့်တယ်။ ကရ၀ိတ်ဖေါင်တော်နဲ့ ပင့်ဆောင်ကြပေမယ့် ဆရာတော်ကြီးအတွက် ထူးထူးခြားခြားဖြစ်အောင် ဒေါင်းယာဉ်ပျံနဲ့ ရုပ်ကလပ်တော်ကို ပင့်ဆောင်မယ်။ ခေတ်ကလည်း ဒေါင်းခေတ်ဆိုတော့ ဒီအတွက် တာဝန်ယူတယ်။"ဟု
သီတဂူဆရာတော်ဘုရားကြီးက ယင်းအစည်းအဝေးတွင် မိန့်ကြားတော်မူသည်။ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား စံကျောင်းတော်တွင် ၅ ရက်တာ အပူဇော်ခံပြီး မြင်းပြိုင်ကွင်းသို့ သယ်ဆောင်ရာတွင် မြန်မာမှုအနုပညာများဖြင့် ခြယ်မှုံးကာ ပျံဝဲနေသည့် ဒေါင်းနှစ်ကောင်ဖြင့် အလှဆင်ထားသည့် ဆယ်ဘီးယာဉ် ပေါ်၌ "ထူပါ" စေတီတော်ပုံစံတူအတွင်း၌ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားထားရှိ၍ မုခ်လေးခုမှ အစောင့် အရှောက်နတ်မင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit : News Watch