ကင်မ်ဂျုံအန်း၏ အစ်ကို မလေးရှားတွင် လုပ်ကြံခံရကြောင်း တောင်ကိုရီးယား အတည်ပြု
15 Feb 2017 1,393 Views
အစောပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်တွင် ကင်မ်ဂျုံနမ် လုပ်ကြံခံရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုရန် နှောင့်နှေးမှုများ ရှိနေခဲ့သည်။ ကင်မ်ဂျုံနမ်သည် ဖေဖော်ဝါရီ ၁၃ ရက်က အဆိပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းကို သတ်ဖြတ်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသလို လုပ်ကြံမှု၏ အဓိက အကြောင်းရင်းကိုလည်း မဖော်ထုတ်နိုင်သေးချေ။ ဖေဖော်ဝါရီ ၁၅ ရက်တွင်မူ တောင်ကိုရီးယား ယာယီသမ္မတ ဟွမ်ကျိုအန်းက ကင်မ်ဂျုံနမ် သေဆုံးမှုကို တရားဝင် အတည်ပြုခဲ့ပြီး အကယ်၍ ယင်းလုပ်ကြံမှု၏ နောက်ကွယ်တွင် မြောက်ကိုရီးယား ရှိနေပါက ဆိုးရွား ယုတ်ညံ့လွန်းသည့် ရက်စက်မှု တစ်ခုဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားကမူ ယခုကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ အကယ်၍ ကင်မ်ဂျုံနမ်ကို လုပ်ကြံရန် အမိန့်ပေးသူမှာ ကင်မ်ဂျုံအန်းဖြစ်ကြောင်း သေချာခဲ့ပါက ၂၀၁၃ ခုနှစ်တွင် ဦးလေးအရင်း ချန်ဆွန်သိုက်ခ်နောက်ပိုင်း မြောက်ကိုရီးယား အာဏာရှင်က မိသားစု ဆွေမျိုးသားချင်း အရင်းတစ်ဦးကို ဒုတိယအကြိမ် လူသိရှင်ကြား ရှင်းလင်းဖယ်ရှားမှုအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ ကင်မ်ဂျုံနမ်သည် မြောက်ကိုရီးယားတွင် ကင်မ်ဂျုံအန်း အာဏာရလာသည့်နောက်ပိုင်း မကာအိုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ၎င်းသည် ကွာလာလမ်ပူမှ မကာအိုရှိ နေအိမ်သို့အပြန် လေဆိပ်တွင် ဓာတုအဆိပ် တစ်မျိုးဖြင့် လုပ်ကြံခံရခြင်း ဖြစ်သည်။ ၎င်းသေဆုံးမှုကို ဖေဖော်ဝါရီ ၁၄ ရက်တွင်မှ ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင်မူ တောင်ကိုရီးယား အစိုးရက သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ကြေညာခဲ့သည်။ ကင်မ်ဂျုံနမ်၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်။
မလေးရှား ရဲတပ်ဖွဲ့ အရာရှိ ဖက်ဒ်ဇဲလ် အာမက်က “လောလောဆယ်တော့ သံသယရှိသူအဖြစ် ဖမ်းဆီးထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ စုံစမ်းမှုတွေ ဆက်လုပ်သွားပါမယ်။ ဖြစ်နိုင်ခြေ ကွင်းဆက်လေးတွေကို ရအောင် ချိတ်ဆက်ပြီး အမှုကို ရုပ်လုံးပေါ်လာအောင် ကြိုးစားသွားမှာပါ”ဟု Reutersသို့ ပြောကြားခဲ့သည်။ အမေရိကန် အစိုးရက ယခုလုပ်ကြံမှုကို မြောက်ကိုရီးယား လက်ချက်ဟု သံသယ ဖြစ်နေသော်လည်း အတိအကျ စွပ်စွဲမှု မရှိချေ။ အိမ်ဖြူတော်မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက မြောက်ကိုရီးယား၏ အေးဂျင့်များ လက်ချက်ဟု ယူဆကြောင်း မှတ်ချက်ပေးထားသည်။ ကင်မ်ဂျုံနမ်သည် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ရှိ ဘတ်ဂျတ် ခရီးစဉ် ဂိတ်ပေါက်၌ စောင့်ဆိုင်းနေစဉ် လုပ်ကြံခံရခြင်း ဖြစ်သည်။ ၎င်းကို မည်သို့မည်ပုံ လုပ်ကြံခဲ့ကြောင်း အတိအကျ မသိရသေးချေ။ မျက်မြင်အချို့၏ အဆိုကို ကိုးကားပြီး ကင်မ်ဂျုံနမ်နှင့် အနီးကပ် အနေအထားမှ ၎င်း၏ မျက်နှာကို အဆိပ်ဓာတုရည် တစ်မျိုးဖြင့် ပက်ဖျန်းခြင်း၊ သို့မဟုတ် အဆိပ်အပ်ဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် သတ်ဖြတ်သွားခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ခန့်မှန်း ဖော်ပြခဲ့သည်။
အစောပိုင်းတွင် မလေးရှား အာဏာပိုင်များက မြောက်ကိုရီးယား နိုင်ငံသားတစ်ဦး လေဆိပ်တွင် ရုတ်တရက် ကျန်းမာရေး ဖောက်ပြန် သေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုအချိန်ကတည်းက တောင်ကိုရီးယား မီဒီယာအချို့က ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဟု ဖော်ပြခဲ့ကြသည်။ ကင်မ်ဂျုံနမ်သည် ၂၀၁၁ ခုနှစ်တွင် ညီဖြစ်သူ မြောက်ကိုရီးယား၌ အာဏာရလာပြီးကတည်းက မကာအိုနှင့် စင်ကာပူ နိုင်ငံများတွင် သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။ ၎င်းသည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ်၏ အကြီးဆုံး သားလည်း ဖြစ်သည်။ မူလက မြောက်ကိုရီးယား၏ အာဏာဆက်ခံသူအဖြစ် ကင်မ်ဂျုံနမ်ကို ရည်မှန်းထားသည့်တိုင် ၂၀၀၁ ခုနှစ်က ပတ်စ်ပို့တ် အတုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ Disneyland ကစားကွင်းသို့ သွားရောက် လည်ပတ်ကြောင်း စစ်ဆေးတွေ့ရှိသည့် အရှက်တကွဲ ဖြစ်စဉ်ကြောင့် အဆိုပါ လျာထားမှုမှာ အလိုလို ပယ်ဖျက်ပြီး ဖြစ်သွားခဲ့သည်။ ကင်မ်ဂျုံနမ်သည် ၎င်း၏ မိသားစုက မြောက်ကိုရီးယားကို မည်သို့မည်ပုံ ထိန်းချုပ်ထားကြောင်းကို ၂၀၁၂ ခုနှစ်က ထုတ်ဝေသော စာအုပ်တစ်အုပ်တွင် ရေးသား ဖော်ပြခဲ့ဖူးပြီး ကင်မ်ဂျုံအန်းတွင် မှန်ကန်သည့် ခေါင်းဆောင်မှု စွမ်းရည် မရှိဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးသည်။
သို့သော် ၎င်းကိုယ်တိုင်လည်း မြောက်ကိုရီးယားခေါင်းဆောင် နေရာကို စိတ်မဝင်စားဟု ဝန်ခံထားသည်။ ကင်မ်ဂျုံနမ်သည် ယခင်ကတည်းက လုပ်ကြံခံရမည့် ပစ်မှတ်တစ်ခု အနေဖြင့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်အတွင်း တောင်ကိုရီးယား အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယား သူလျှိုတစ်ဦးက မိမိသည် ကင်မ်ဂျုံနမ်ကို ကားနှင့်တိုက်သတ်ပြီး ထွက်ပြေးရန် စီစဉ်နေသည့် အေးဂျင့်အဖွဲ့တွင် ပါဝင်ကြောင်း ဝန်ခံခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်းတို့၏ ရန်သူများကို ပြည်ပနိုင်ငံများသို့ အေးဂျင့်များ စေလွှတ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်သည့် မှတ်တမ်းဆိုးများ ရှိနှင့်ခဲ့ပြီး ဖြစ်သည်။
Credit : 7daydaily