အက်ဖ်ဒီအေ ထောက်ခံချက်မပါတဲ့ ရောင်းကုန်တွေ ဈေးကွက်အတွင်း မြင့်တက်နေဆဲ
13 Feb 2017 1,347 Views

ပြည်တွင်းဈေးကွက်ထဲမှာ အက်ဖ်ဒီအေရဲ့ထောက်ခံချက်မယူတဲ့ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် သည်လိုထုတ်လုပ်ရောင်းချမှုကို လူထုအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်မှာဖြစ်ပြီး အစားအသောက် ၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြပွဲကိုလည်း ဖေဖော်ဝါရီ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ MCC မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲသူ သိစေဖို့ထက်ရောင်းချသူပိုပြီး သိဖို့အရေးကြီးတယ်၊
ရောင်းတဲ့သူကိုယ်တိုင်က အက်ဖ်ဒီအေအသိအမှတ်ပြု ရမှန်းမသိတာတွေ အများကြီးရှိပါတယ်၊ သူတို့ကိုယ်တိုင်ကမသိဘဲရောင်းတော့ ဝယ်တဲ့သူတွေကလဲဝယ်နေတာပဲလေ၊ ဒါတွေကိုသိစေချင်လို့ အခုလိုပွဲတွေကိုလုပ်ရတာပါလို့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးဒေါက်တာ ထွန်းလင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းခေတ်စားလာပြီးနောက်ပိုင်းမှာ အွန်လိုင်းပေါ်မှ တစ်ဆင့်အများဆုံးရောင်းချလာတဲ့ ဆေးဝါး ပစ္စည်းတွေကိုလည်း လူငယ်အများစုက ဝယ်ယူသုံးစွဲမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာအများဆုံးအရောင်းအဝယ်ဖြစ်နေတဲ့ အဆီကျပိန်ဆေး၊ အသားဖြူဆေးနဲ့အရပ်ရှည်ဆေးတွေဟာ လူ ငယ်တွေအများဆုံးစိတ်ဝင်စားကြပြီး ဝယ်ယူသုံးစွဲမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရောင်းချနေတဲ့ဆေးဝါးတွေမှာ ပြည်ပနိုင်ငံထုတ်ပစ္စည်းများဖြစ်ပြီး အညွှန်းစာသားတွေမှာ တရုတ်ဘာသာစကားနဲ့အိန္ဒိယ ဘာသာစကားတွေကို အများဆုံးဖော်ပြထားပြီး ပြည်တွင်းအက်ဖ်ဒီအေ ရဲ့ထောက်ခံချက် ကိုရယူခြင်းမရှိပေမဲ့လည်း ဈေးကွက် အတွင်းမှာဝယ်ယူမှု မြင့်တက်နေတာကိုလည်းတွေ့ရပါတယ်။ အလှကုန်အပြင် အစားအသောက်ပိုင်းဆိုင်ရာမှာလည်း တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံဟာကျောင်းမုန့်ဈေးတန်းမှာ စားသုံးရန် မသင့်တဲ့ ဆေးဆိုးမုန့်တွေကို ထုတ်လုပ်ရောင်းချနေတာကြောင့် အက်ဖ်ဒီအေက ဝယ်ယူစစ်ဆေးတဲ့အခါမှာ ကျောင်းမုန့် ဈေးတန်းမှာရောင်းချနေတဲ့ မုန့်တွေမှာအများဆုံးတွေ့ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ရေသန့်ထုတ်ရောင်းတာကြာနေပြီ၊ ၈၀ဝ ကျော်ပဲ အက်ဖ်ဒီအေထောက်ခံချက်ယူတယ်၊ ကျန်တဲ့ ၂၀ဝ၀ ကျော်က ပျောက်နေတယ်၊ အဲဒီတော့ ပြည်သူမှာ အပြစ်လား၊ ရောင်းတဲ့သူမှာ အပြစ်လား၊ အဲဒီလို အသိပညာတွေက တစ်တိုင်းပြည်လုံးသိဖို့လိုပါတယ်လို့ ဒေါက်တာထွန်းလင်းအောင်က ရှင်းပြပါတယ်။ စားသုံးရန်မသင့်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေကို ပြည်သူတွေစားသုံးခြင်းမပြုရန် နဲ့ ရောင်းချသူတွေကလည်း ရောင်းချမှုမပြုလုပ်ရန်အတွက် အက်ဖ်ဒီအေအနေနဲ့ အသိပညာပေးပွဲတွေပြုလုပ်ပေးသွား မှာဖြစ်ပါတယ်။
Credit : kumudranews