BEC-TERO TV

ပလတ်စတစ်အိတ် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းသည့် အင်ဒိုနီးရှား စွန့်ဦးလုပ်ငန်းရှင်၏ ပီလောပီနံအိတ်

13 Feb 2017     1,398 Views


အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စွန့်ပစ်ပလတ်စတစ် အမှိုက်ပြဿနာနှင့်လည်း အကြီးအကျယ် ရင်ဆိုင်နေရသည်။ ပလတ်စတစ်အိတ်အခွံများသည် ဘာလီကျွန်း၏ ကမ်းခြေများမှသည် မြို့တွင်းလမ်းများအထိ ပြန့်ကြဲနေပြီး ရေကြောင်းသွားလာရေး လမ်းများတွင်လည်း ထိုစွန့်ပစ်ပလတ်စတစ် အမှိုက်များကြောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်။ ကီဗင်ကူမာလာသည် ဘာလီကျွန်းမှ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ အားလပ်ရက် ခရီးသွားများကြားတွင် ထင်ရှားကျော်ကြားသော ဘာလီကျွန်းတွင် အမှိုက်များ ပြန့်ကြဲနေသည်ကို မနှစ်မြို့ဖြစ်နေသည့် ကူမာလာသည် သမားရိုးကျ နည်းလမ်းမှ ခွဲထွက်ပြီး ပလတ်စ တစ်ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်သည်။ Avani Eco ဟု အမည်ပေးထားသော ကူမာလာ၏ ကုမ္ပဏီမှ ပီလောပီနံဖြင့် ပြုလုပ်ထားသော အိတ်များ၊ ကြံဖြင့်ပြုလုပ်ထားသည့် အစားအစာထည့်သော ဘူး၊ ခွက်များ၊ ပြောင်းမှထွက်သော ကော်ရည်ဖြင့် အလှဆင်ထားသည့် ပိုက်များကို ထုတ်လုပ်လျက်ရှိသည်။ ကူမာလာက ၎င်း၏ ကုမ္ပဏီမှ ထုတ်လုပ်သော ပစ္စည်းများသည် အတော်အသင့်ကြာလျှင် ဘက်တီးရီးယား ပိုးများကြောင့် ဆွေးမြည့်ပျက်စီးသွားနိုင်ပြီး မည်သည့် အဆိပ်အကြွင်းအကျန်မျှ ရှိမည်မဟုတ်ဟုဆိုသည်။

“ကျွန်တော်က ရေငုပ်ရတာတို့၊ ရေလွှာလျှောစီးရတာတို့ကို စိတ်အားထက်သန်သူပါ။ အခု ဒီပလတ်စတစ်ခွံတွေဟာ ကျွန်တော့်ရှေ့မှာတင် ပင်လယ်ထဲမှာ များသထက်များလာပါတယ်” ဟု

ကူမာလာက ဘိုင်အိုပလတ်စတစ်ဟု ခေါ်ကြသော ဘက်တီးရီးယားပိုးကြောင့် ပျက်စီးနိုင်သည့် ပလတ်စတစ် လုပ်ငန်းထဲသို့ဝင်ရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းကို ပြန်လည်ရှင်းပြခဲ့သည်။ ဘာလီမှ ပလတ်စတစ် အမှိုက်ထုကြီးကို မျက်မြင်ကိုယ်တွေ့ဖြစ်သူ ကူမာလာက ယင်းပြဿနာသည် မဖြစ်မနေဖြေရှင်းရမည့် ကိစ္စဟု အခိုင်အမာ ဆိုနေသည်။ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် သမုဒ္ဒရာထဲ၌ ငါးကောင်ရေထက် ပလတ်စတစ်အိတ်များက ပိုမိုများပြားနေလိမ့်မည်ဟု အလန်မက်အာသာ ဖောင်ဒေးရှင်းမှ ထုတ်ပြန်ခဲ့သော ၂၀၁၆ ခုနှစ်အစီရင်ခံစာထဲ၌ ဖော်ပြခဲ့သည်။ ထိုကဲ့သို့ ပလတ်စတစ်ပြဿနာအား မဖြစ်မနေ ဖြေရှင်းရတော့မည့်အချိန်တွင် ကူမာလာ၏ စီမံကိန်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဇန်န၀ါရီလက ဒါဗိုးစ်တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကျင်းပစဉ်က ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၄၀ သည် ပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေရှိစေမည့် ပလတ်စတစ်ကို အသုံးပြုသွားရေးအတွက် သဘောတူညီခဲ့ကြသည်။ အင်ဒိုနီးရှားတွင် မြစ်နှင့် သမုဒ္ဒရာများထဲ၌ ပလတ်စတစ်အိတ် အမြောက်အမြား မျောပါနေသည့် ကိစ္စသည် ပြဿနာတစ်ခု ဖြစ်နေသည်မှာ နှစ်နှင့်ချီရှိနေပြီဖြစ်သည်။ မြို့ပြများတွင် ရေမြောင်းများ၌ ပလတ်စတစ်အိတ်များ ပိတ်ဆို့ခြင်းကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားနိုင်ပြီး ရေနေသတ္တ၀ါများမှာလည်း ထိုပလတ်စတစ် အိတ်များထဲတွင် ပိတ်မိခြင်း၊ စားမိခြင်း တို့ကြောင့် သေဆုံးဒဏ်ရာရမှုများ ရှိနေကြသည်။

ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင်ရေထဲသို့ အမှိုက်ပစ်ရာတွင် အဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု သိရသည်။ သမုဒ္ဒရာများ ထိန်းသိမ်းရေး အမေရိကန်ပရဟိတအဖွဲ့၏ ခန့်မှန်းချက်အရ အင်ဒိုနီးရှားသည် တရုတ်နိုင်ငံပြီးလျှင် ပင်လယ်ထဲသို့ အမှိုက်အများဆုံးပစ်သည့် နိုင်ငံဖြစ်သည်ဟု သိရသည်။ ကူမာလာသည် Avani Eco ကုမ္ပဏီကို လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင်တည်ထောင်ခဲ့ပြီး ဘက်တီးရီးယားပိုးကြောင့် ပျက်စီးလွယ်သော ၎င်း၏ ကုန်ပစ္စည်းများကို ၂၀၁၅ ခုနှစ်က စတင်ရောင်းချခဲ့သည်။ Avani Eco ကုမ္ပဏီ၏ ရုံးချုပ်မှာ ဘာလီတွင်ရှိပြီး ဂျာဗားကျွန်းတွင် အဓိက ကုန်ထုတ်စက်ရုံရှိသည်။ Avani Eco ၏ လူကြိုက် အများဆုံးကုန်ပစ္စည်းမှာ ပီလောပီနံဖြင့် ပြုလုပ်ထားသော အိတ်ဖြစ်ပြီး အိတ်၏အပေါ်တွင် “IAMNOT PLASTIC” ဟူသော စာတန်းကို ရိုက်နှိပ်ထားသည်။ စား၍ရသော ပီလောပီနံအမြစ်သည် အင်ဒိုနီးရှားတွင် ပေါပေါများများနှင့် အလျှံအပယ် ရနိုင်သောအရာ ဖြစ်သည်။

ထိုပီလောပီနံ အိတ်အား ရေနွေးထည့်ထားသည့် ဖန်ခွက်ထဲသို့ နှစ်လိုက်ရာတွင် အိတ်သည် လျင်မြန်စွာ အရည်ပျော်သွားသည်ကို တွေ့ရသည်။ ဇီဝဗေဒဖြင့် ဘွဲ့ရရှိသူတစ်ဦးဖြစ်သော စွန့်ဦးစီးပွားရေး လုပ်ငန်းရှင် ကူမာလာသည် ၎င်း၏ အိတ်များမှာ ပတ်ဝန်းကျင်ကို ဘေးဥပဒ်မဖြစ်စေကြောင်း ပြသရသည်ကို ၀မ်းသာနေသည်။

“ဒါဟာ ပင်လယ်နေရေ သတ္တ၀ါတွေအတွက် မျှော်လင့်ချက်ပါပဲ။ ဒီပီလောပီနံအိတ်ကို သူတို့စားမိရင်လည်း ဘေးဥပဒ် မဖြစ်နိုင်တော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းပီလောပီနံ အိတ်များကို နေ့စဉ်သုံးတန်ခန့် ထုတ်လုပ်နေပြီး ဈေးဆိုင်များ၊ ဟိုတယ်များအပါအ၀င် စီးပွားရေးလုပ်ငန်းများသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဖောက်သည်အများစုမှာ ဘာလီနှင့် အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်းမှဖြစ်သော်လည်း ပြည်ပမှ ဖောက်သည်များလည်း တိုးပွားလာသည်ဟု သိရသည်။ ထိုပီလောပီနံအိတ်၏ တန်ဖိုးမှာလည်း ရိုးရိုးပလတ်စ တစ်အိတ်တန်ဖိုးထက် အမေရိကန်ငွေ သုံးဆင့်သာပိုမိုမည် ဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ပလတ်စတစ် အမှိုက်ပြဿနာကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံသုံးဖို့ လိုနေသေးသည်။ လက်ရှိအင်ဒိုနီးရှား၌ အသုံးပြုနေသော အမှိုက်သိမ်းရေးနှင့် အမှိုက်ရှင်းလင်းရေး စနစ်များသည်နေ့စဉ် နှင့်အမျှ မြင့်တက်လာသော ပလတ်စတစ်သုံးစွဲမှုများကြောင့် ၀န်နှင့် အားမမျှဖြစ်နေရသည်။

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် အထူးရည်ရွယ်၍ အစိုးရက ရန်ပုံငွေချပေးထားခြင်း မရှိသေးကြောင်း အမှိုက်ပြဿနာကို လက်ရှိကိုင်တွယ် ဖြေရှင်းနေရသော အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ၀န်ခံခဲ့သည်။ ကူမာလာကမူ စိန်ခေါ်မှုများစွာ ရှိသော်လည်း အင်ဒိုနီးရှား ပလတ်စတစ်ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေပြီး ၎င်း၏ လုပ်ငန်းကိုလည်း ဒေသတွင်းမှ အခြားနိုင်ငံများသို့ တိုးချဲ့သွားရန် စီစဉ်နေသည်။ “အမှန်တကယ်က အာရှဒေသတစ်ခုလုံး ပလတ်စတစ်အိတ် သမုဒ္ဒရာကြီးထဲကို နစ်မြုပ်နေတာပါ” ဟု ၎င်းက ဆိုသည်။

Credit : news-eleven


13 Feb 2017     1,398 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS