မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအချို့တွင် ကလေးလုပ်သားများကို စေခိုင်းမှုတွေ့ရှိရ
08 Feb 2017 1,340 Views

ဥရောပသို့ တင်ပို့နေသော အထည်ချုပ်စက်ရုံ ၁၂ ရုံသို့ ဝင်ရောက်စစ်တမ်း ကောက်ယူခဲ့ရာတွင် စက်ရုံ ခြောက်ရုံ၌ ကလေးလုပ်သား ခိုင်းစေမှုများ တွေ့ရှိရကြောင်း Lobur Rights Defendes and Promoters မှ တာဝန်ခံ ဒေါ်အိရွှေစင်က ပြောကြားသည်။
အဆိုပါ သုတေသန လုပ်ငန်းစဉ်ကို လှိုင်သာယာ၊ ရွှေပေါက်ကံ၊ မင်္ဂလာဒုံ၊ ပဲခူး၊ ပုသိမ်မြို့များရှိ စက်ရုံများတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ ဇွန်လအတွင်း Lobur Rights Defenders and Promoters, Somo, Action Labour Rights တို့ ပူးပေါင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်းရလဒ် အစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်း၌ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီက သတင်းစာ ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စက်ရုံ တစ်ရုံစီတိုင်းက အလုပ်သမား ၃၃ ယောက်ကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ ငါးယောက်လောက်က ကလေး လုပ်သားတွေ ဖြစ်နေတယ်။ ကလေးတွေကို အသက် မေးခဲ့တယ်။ အမှန်ပြောရမှာလား၊ အလုပ်ကို ဝင်တုန်းက အသက်ကို ပြောရမလားလို့ သူတို့က မေးခွန်းနှစ်ခု ပြန်မေးပါတယ်။ တကယ် အသက်အမှန်ကိုပဲ ပြောပါဆိုတော့မှ အသက် ၁၃ နှစ် ၁၄ ဆိုတာ သိရတယ်”ဟု Action Labour Rights အဖွဲ့မှ သုတေသနပိုင်းတွင် တာဝန်ယူရသော ဒေါ်အိနှင်းလှိုင်က ဆိုသည်။
ကလေးလုပ်သမားများ ခိုင်းစေမှု တွေ့ရှိချက်တွင် ကလေးငယ်များသည် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်အတွက် မှတ်ပုံတင်တွင် အသက်ကို လိမ်လည်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံများတွင် စစ်တမ်း ကောက်ယူခဲ့သည့် အဖွဲ့များတွင် တစ်ဖွဲ့ အပါအဝင်ဖြစ်သော Action Labour Rights ၏စစ်တမ်းအရ သိရသည်။
ထိုပြင် လုပ်ငန်းခွင် လုံခြုံမှု မရှိခြင်း၊ အနည်းဆုံး အခကြေးငွေ မရရှိခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများလည်း တွေ့ရှိရသည်ဟု ဒေါ်အိရွေစင်က ပြောသည်။
သုတေသန တွေ့ရှိချက်များကို စက်ရုံပိုင်ရှင်များထံသို့ ပေးပို့၍ အလုပ်သမား အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းနေချိန်ဖြစ်သဖြင့် အထည်ချုပ် စက်ရုံများ၏ အမည်ကိုမူ ထုတ်ဖော်ပြောဆို၍ မရကြောင်း ၎င်းက ဆိုသည်။ ယင်းသုတေသနစစ်တမ်းအရ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံသားများပိုင်သည့် စက်ရုံများဖြစ်ပြီး ဥရောပ အမှတ်တံဆိပ် H&M, C&A နှင့် Primark အပါအဝင် အခြားအမှတ် တံဆိပ်များ ဖြစ်နေသည်ဟု ဒေါ်အိရွေစင်က ပြောသည်။
ထိုကဲ့သို့ မြန်မာအလုပ်သမားများ ကလေးလုပ်သားများ တွေ့ရှိရခြင်း၊ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့နှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ Somo အလုပ်သမား အဖွဲ့အစည်းကလည်း ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့သော ၁၉၅၁ အလုပ်ရုံများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ၁၄ နှစ်အောက် ကလေးသူငယ်များကို မိသားစုလုပ်ငန်းများမှအပ အခကြေးငွေဖြင့်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်လည်းကောင်း အလုပ် ခိုင်းစေခြင်းသည် ပြစ်မှု မြောက်ပြီး သက်ဆိုင်ရာ တရားရုံးက ပြစ်ဒဏ် စီရင်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားသည်။
Credit:TheVoice