BEC-TERO TV

ဗီယက်နမ်တွင် ဘောလုံးနှင့် မြင်းပွဲလောင်းကစားအား တရားဝင်ခွင့်ပြု

06 Feb 2017     1,353 Views


ဗီယက်နမ် ကွန်မြူနစ်အစိုးရက တစ်ရှိန်ထိုး ထွန်းကားနေသော မှောင်ခိုလောင်းကစား ဈေးကွက်အား တရားဝင်ဖြစ်စေရန် ကြိုးပမ်းနေစဉ် အားကစားပွဲများ၌ လောင်းကစားမှုအား ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမှုအား လောင်းကစားခုံမင်သူများက ဖေဖော်ဝါရီ ၄ ရက်တွင် ကြိုဆိုခဲ့ကြသည်။ ဗီယက်နမ်တွင် ကာလရှည်ကြာကတည်းက နိုင်ငံသားများအား မည်သည့်လောင်းကစားမှုကိုမျှ ပြုလုပ်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံခြားသားများသာ ကစားသည့် အနည်းငယ်မျှသော ကာစီနိုများကိုသာ ခွင့်ပြုထားကြောင်း သိရသည်။ သို့သော် ယင်းပိတ်ပင်မှုသည် ကျယ်ကျယ်ပြန့်ပြန့် မထီမဲ့မြင်ပြုခံထားရပြီး အထူးသဖြင့် အဓိက အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင် သန်းနှင့်ချီသော ဒေါ်လာများသည် တရားမ၀င် လောင်းကစားလုပ်ငန်းများ သို့မဟုတ် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် စီးဝင်လည်ပတ်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အစိုးရက အသက် ၂၁ နှစ်ကျော်သူများ အနေဖြင့် နိုင်ငံတကာ ဘောလုံးပွဲများအတွက် လောင်းကစားပြုလုပ်မှုအား ခွင့်ပြုသည့် ရှေ့ပြေးအစီအစဉ်တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံသားများသည် နိုင်ငံတွင်းရှိ ကာစီနိုများတွင် မတ်လလယ်မှစ၍ ကစားနိုင်မည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သောလတွင် ကြေညာခဲ့ပြီးနောက် ယခုကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းနိုင်ငံတကာ ကစားပွဲများနှင့် ပြိုင်ပွဲများသည် ဖီဖာက အသိအမှတ်ပြုထားသည့် ပွဲများသာ အကျုံးဝင်ကြောင်း၊ မြင်းနှင့် ခွေးပြိုင်ပွဲများတွင်လည်း လောင်းကစား ပြုလုပ်နိုင်ကြောင်း အစိုးရ၏ အမိန့်စာသစ်တွင် ဖော်ပြခဲ့သည်။ သို့သော် ဘောလုံးပွဲတစ်ပွဲလျှင် လောင်းကြေးသည် ဒေါင်တစ်သန်း (၄၄ ဒေါ်လာ) ထက် မကျော်ရန် ကန့်သတ်ထားကြောင်း၊ အစိုးရ အသိအမှတ်ပြု ဒိုင်များတွင်သာ လောင်းရမည်ဖြစ်ကြောင်း ယင်းအမိန့်စာတွင် ဖော်ပြခဲ့သည်။

သို့သော် ထိုးသားများက အဓိက ပြိုင်ပွဲကြီးများတွင် ၎င်းတို့၏ စုဆောင်းထားမှုများ၊ ၎င်းတို့၏ နေအိမ်များကိုပင် လောင်းကြေးထပ်မှုများအတွက် ကျော်ကြားသည့် ဗီယက်နမ်တွင် ယခု ဖြေလျှော့မှုကြောင့် လောင်းကစားမှု အလွန်အမင်း ဆိုးရွားလာမည်ကို စိုးရိမ်နေမှုများလည်း ရှိခဲ့သည်။ လောင်းကစားမှုအား တရားဝင်ခွင့်ပြုပြီး ယင်းလုပ်ငန်းမှ ဒေါ်လာ သန်းနှင့်ချီ အခွန်ငွေများ ရရှိနိုင်ခြေ အလားအလာအတွက် နှစ်နှင့်ချီ အချေအတင် ဆွေးနွေးလာခဲ့ပြီးနောက် အစိုးရက ယင်းကဲ့သို့ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

Credit : news-eleven


06 Feb 2017     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS