ရန်ကုန်တိုင်းဒေသကြီးခရိုင်လေးခုရှိ လူစည်ကားတဲ့နေရာတွေမှာလုံခြုံရေးအင်အားတိုးမြှင့်ချထား
06 Feb 2017 1,360 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုအတွင်းရှိမြို့နယ်တွေရဲ့လူစည်ကားရာတွေမှာ လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိအရှေ့ပိုင်းခရိုင်၊အနောက်ပိုင်းခရိုင်၊မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ်(၄၅)မြို့နယ်တွေရဲ့ အဓိကအရေးကြီးတဲ့နေရာတွေဖြစ်တဲ့ မြို့ဝင်မြို့အထွက်နေရာတွေ၊ သာသနိကအဆောက်အဦးတွေ၊ စေတီပုထိုးနေရာ၊ ဆေးရုံ၊စာသင်ကျောင်း၊ တက္ကသိုလ်တွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ပန်းခြံနေရာ၊ ကစားကွင်း၊ဈေး၊ဈေးဝယ်စင်တာ၊ကုန်တိုက်၊ လေဆိပ်၊သင်္ဘောဆိပ်၊သမ္ဗာန်ဆိပ်တွေမှာ လုံခြုံရေးယူပေးနေတယ်လို့သိရပါတယ်။သည်လိုလူစည်ကားရာနေရာတွေမှာ လှည့်ကင်းတွေ၊စက်ဘီးတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေကို အသုံးပြုပြီး ၂၄နာရီလုံခြုံရေးယူပေးနေတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးကပြောပါတယ်။
သူက”လူစည်ကားတဲ့နေရာဈေးတို့ ကန်တော်ကြီးတို့ ယုဇနပလာဇာတို့ မှာလုံခြုံရေးတွေတိုးမြှင့်ဆောင်ရွက်တယ်။ သည်နေ့မှစပြီးလုံခြုံရေးတိုးတာမဟုတ်ဘူး။သုံးရက်လောက်ရှိပြီ။ “လို့ပြောပါတယ်။ မြို့နယ်တွေမှာရှိတဲ့ ဟိုတယ်တွေ၊တည်းခိုခန်းတွေမှာလည်း မြို့နယ်အလိုက်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး တည်းခိုသူတွေရဲ့ စာရင်းတွေကို ကောက်ယူစစ်ဆေးနေတယ်လို့သိရပါတယ်။လုံခြုံရေးတိုးမြှင့်ရတဲ့အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။
Credit : kumudranews