BEC-TERO TV

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ တရားခံဖမ်းမိရန် ပါဝင်ကူညီခဲ့ကြသော အွန်လိုင်းသတင်းသမားများ ဖော်ထုတ်ခဲ့မှု

04 Feb 2017     1,491 Views


ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NLD ၏ ဥပဒေအကြံပေး ဦးကိုနီအား သေနတ်သမားကြည်လင်းမှ အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ပြီးနောက် ဦးကိုနီ သေဆုံးခဲ့ရသည်။ သေနတ်သမားကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေနတ်ထိမှန် သေဆုံးခဲ့ရပြီး တရားခံကြည်လင်းကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
 
အဆိုပါနေ့တွင်ပင် ကြည်လင်းကို ရဲများက စစ်ဆေးမေးမြန်ခဲ့ရာ ကြည်လင်းမှ ဝန်ခံထွက်ဆိုချက် အချို့ပေးခဲ့သည်။ ကြည်လင်း ဝန်ခံထွက်ဆိုခဲ့သော ရဲစစ်ဆေးချက် စာရွက်စာတမ်းများကို ရဲဌါနအချင်းချင်း Viber အသုံးပြု၍ ပေးပို့ရာမှ ပေါက်ကြားမှုဖြစ်ကာ စာရွက်စာတမ်းအချို့ အွန်လိုင်းပေါ်တွင် ပျံ့နှံ့၍ လူထုကြားထဲသို့ ရောက်ရှိသွားခဲ့သည်။
 
 
အဆိုပါ လုပ်ကြံမှုသည် လတ်တလောတွင် လူစိတ်ဝင်စားမှု အမြင့်မားဆုံး သတင်းတစ်ခု ဖြစ်နေသည့်အလျှောက် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရန် လိုလားနေကြသူများလည်း အများအပြားရှိကြပြီး လူမှုကွန်ယက် အွန်လိုင်းပေါ်မှ အမှု၏ ကွင်းဆက်၊ ဖြစ်နိုင်ခြေများကို ရေးသားတင်ပြနေသူများလည်း ရှိနေခဲ့သည်။
 
ထိုကဲ့သို့ ကိုယ်ပိုင်အစွမ်းအစနှင့် နောက်ကွယ်က စုံစမ်းဖော်ထုတ်နေသူများထဲတွင် ထိုင်းနိုင်ငံတွင် နေထိုင်သော လင်းယုန်မာန် ဟူသော လူငယ်နှင့် သူ၏ သူငယ်ချင်း နှစ်ဦးတို့ ပါဝင်ခဲ့ကြသည်။ သူတို့တွေ့ရှိခဲ့ရသမျှကို လူမှုကွန်ယက်တွင် မတင်မီ ပြည်တွင်းရှိ သတင်းမီဒီယာ တစ်ခုဖြစ်သည့် Myanmar Now နှင့်ချိပ်ဆက်ကာ အထောက်အထား ပုံများကို ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။
 
 
**စတင်ခြေရာခံမိပုံ**
 
လင်းယုန်မာန်တို့ လူငယ်တစ်စုက ပေါက်ကြားခဲ့သည့် ရဲစစ်ချက်များနှင့် အင်တာဗျူး ဗီဒီယိုများကို အပြန်ပြန်အလှန်လှန် ဖတ်ရှု၊ ကြည့်ရှုပြီးနောက်တွင် သဲလွန်စ တစ်ခုကို စတွေ့ခဲ့ရသည်။ ရဲစစ်ချက် စာရွက်စာတမ်းတွင် ပါလာသော ကြည်လင်း၏ ဖုန်းနံပါတ်တစ်ခုကို ခြေရာခံ မွှေနှောက်ခဲ့ရာတွင် ကြည်လင်းက Viber ကို ၂၉.၀၁.၂၀၁၇ ထိ အသုံးပြုခဲ့ကြောင်း သိရှိရခဲ့သည်။ 
 
ထို့နောက် ဆက်စပ်၍ မွှေနှောက် ရှာဖွေခဲ့ရာ ကြည်လင်းတစ်ဦးတည်း အသုံးပြုနေသော လူမှုကွန်ယက် ဖေ့စ်ဘုတ်အကောင့် (၃)ခုကို ဆက်လက် ဝင်ရောက်နိုင်ခဲ့သည်။ အဆိုပါ ဖေ့စ်ဘုတ်အကောင့် (၃)ခုထဲမှ အသုံးပြုမှုများသည့် “ShwemyaeThar” အကောင့်၏ status, Like, Comment များကို စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခဲ့ရာ တစ်နေရာတွင် မြင့်ဆွေ(ခ)အောင်ဝင်းဇော်ဟု သံသယရှိသည့် ဖေ့စ်ဘုတ်အကောင့် “Shwe Than Hlwin” ကိုတွေ့ရှိခဲ့ရပြီး ဆက်လက်လေ့လာခဲ့ရာ အောင်ဝင်းဇော်ဆိုသူမှာ DSA အပတ်စဉ်(၃၄) ကျောင်းဆင်း ဗိုလ်ပြုတ်တစ်ဦးဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ 
 
 
 
 
 
**နီးစပ်လာပြီ**
 
အောင်ဝင်းဇော်ဟု ယူဆရသည့်အကောင့်ထဲမှ ဓါတ်ပုံအချို့ကို စုဆောင်းထားပြီး မကြာမီမှာပင် “မြင့်ဆွေ” နှင့် အပေါင်းအပါများအား ကရင်ပြည်နယ်တွင် ဖမ်းဆီးရမိပြီဟု သတင်းများ လူမှုကွန်ယက်တွင် ဓါတ်ပုံများနှင့် ထွက်ပေါ်ခဲ့သည်။ 
 
 
အဆိုပါဓါတ်ပုံများထဲမှ ဓါတ်ပုံတစ်ပုံမှာ သူတို့ရှာဖွေရရှိထားသည့် အောင်ဝင်းဇော်၏ အကောင့်ထဲမှ ပုံဖြစ်နေကြောင်း သိရှိခဲ့ရစဉ်၊ အဆိုပါ ဓါတ်ပုံကို တစ်စုံတစ်ယောက်မှ ဝင်ဖျက်သွားခဲ့သည့်အတွက် မြင့်ဆွေဆိုသူမှာ အောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း ပိုမို၍ ပို၍ ခိုင်မာခဲ့သည်။ 
 
 
 
 
 
သို့သော် မြင့်ဆွေနှင့် အပေါင်းအပါများ ဖမ်းဆီးမိပြီဟူသော သတင်းမှာ မမှန်ကန်ကြောင်း ကရင်ပြည်နယ် ပြည်နယ်မှူး ရဲမှူကြီးကြည်လင်းက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး၊ အွန်လိုင်းမှာ ရေသားပြောဆိုနေကြတာတွေကို မယုံကြည်ဖို့ ပြောဆိုခဲ့တဲ့ အတွက် သူတို့စိတ်ထဲမှာ မတင်မကျနဲ့ ဘဝင်မကျဖြစ်ခဲ့ပါတယ်။
 
 
**လုံးဝသေချာပြီ**
 
တရားခံကြည်လင်းနှင့် အတူတူထောင်ကျခဲ့ဖူးသည့် ကိုအောင်စိုး ဆိုသူက Myanmar Now နှင့်တွေ့ဆုံရာတွင် ဦးကိုနီအားလုပ်ကြံဖို့ သူအားလာကမ်းလှမ်းသူမှာ အောင်ဝင်းဇော် ဆိုသူဖြစ်ကြောင်း ပြောကြားလိုက်ချိန်တွင် မြင့်ဆွေနှင့် အောင်ဝင်းဇော်မှာ တစ်ဦးတည်း ဖြစ်မည်ဆိုတာ ဆက်စပ် သိရှိသွားခဲ့ပါတယ်။
 
 
 
ပိုပြီးသေချာမှု ရှိစေရန် အောင်ဝင်းဇော် အကောင့်ထဲမှ သူတို့ရယူထားသည့်ပုံ (မည်သူမျှမသိသေးသည့်) ပုံအား Myanmar Now မှ ကိုဝင်းဆွေ ထံသို့ ပေးပို့ကာ ကိုအောင်စိုးကို ပြခိုင်းကြည့်ရာ ကိုအောင်စိုးမှ ဓါတ်ပုံရှင်ဟာ အောင်ဝင်းဇော် ဖြစ်ကြောင်း အတည်ပြုပေးနိုင်ခဲ့သည်။ 
 
 
**အမှုလိုက်သူများ အခက်တွေ့**
 
မြင့်ဆွေ(ခ)အောင်ဝင်းဇော်အား ဖမ်းဆီးရမိပြီး လူမှုကွန်ယက်မှ အဖြစ်မှန်ကို ရေးသားဖော်ပြခဲ့သော်လည်း အထက်ပါအတိုင်း ဖမ်းဆီးရမိခြင်းဆိုတာ မမှန်ကန်ကြောင်း သတင်းကို ပြန်လည် ထိန်းသိမ်းခဲ့သည့်အတွက် မီဒီယာများ မျက်စိလည်သွားကြောင်း လင်းယုန်မာန်က ဖော်ပြခဲ့သည်။ သတင်းကို ပြန်ထိန်းလိုက်သည့်အပေါ် သူ၏ ထင်မြင်ယူဆချက်မှာ ဗိုလ်ပြုတ်အောင်ဝင်းဇော်နှင့် ဆက်စပ်နေသူများမှာ အကြီးပိုင်းအချို့နှင့် ဆက်စပ်နေနိုင်ကြောင်း ဖော်ပြခဲ့သည်။
 
 
 
 
ထို့ကြောင့် အမှုစစ်များအနေနှင့် အောင်ဝင်းဇော်ကို ဖမ်းဆီးမိကြောင်း တရားဝင်အတည်မပြုပေးလျှင် သူတို့အဖွဲ့အနေနှင့် ဖေ့စ်ဘုတ်အထောက်အထား အပြည့်အစုံနှင့် လူမှုကွန်ယက်တွင် တင်သွားရန် လှုံ့ဆော်မှုများ ပြုခဲ့ကြောင်း ဖော်ပြထားသည်။ 
 
**သတင်းအတည်ပြုပြီ**
 
ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ဆက်စပ်သော နောက်ထပ်တရားခံ တစ်ဦးဖြစ်သူ အောင်ဝင်းဇော် (၄၆ နှစ်) အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
 
သတင်းထုတ်ပြန်ချက်တွင် တရားခံအောင်ဝင်းဇော်အား ပြစ်မှုဖြစ်ပွားပြီး ၁၂ နာရီအတွင်း ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ တွင် သံလွင်တံတား(ဘားအံ)၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြခဲ့သည်။
 
 
**နောက်ဆုံးသတင်းပေးခြင်း**
 
မြင့်ဆွေ(ခ)အောင်ဝင်းဇော် နှင့် ကြည်လင်းတို့၏ နောက်တွင် ကြိုးကိုင်သူများ ရှိနေနိုင်သေးကြောင်းကို အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက် ဖော်ထုတ်ဖို့မှာ NLD မှတာဝန်ရှိပုဂ္ဂိုလ်ကြီးများ၏ ကြိုးပမ်းရန် အပိုင်သာ ဖြစ်ပြီး။ အောင်ဝင်းဇော်တို့ ဆုံရပ်နေရာတစ်ခုမှာ မြမြင့်မိုရ်ဟိုတယ်(သံလျှင်) ဖြစ်ကြောင်း အသိပေးထားခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
 
 
Source:CSIMM
 

04 Feb 2017     1,491 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS