BEC-TERO TV

ညပိုင်းပြေးဆွဲနေသော YBS လိုင်းကားများ ည ၁၀ နာရီထိ ပြေးဆွဲမှုမရှိလျှင် ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းမည်

02 Feb 2017     1,401 Views


ရန်ကုန်မြို့တွင်းစနစ်သစ်အနေဖြင့် ဇန်နဝါရီ ၁၆ ရက်က စတင် ပြောင်းလဲပြေးဆွဲနေသောYBS ယာဉ်လိုင်းကားများအနေဖြင့် ပြည်သူများအဆင်ပြေစေရန် ညပိုင်း ၁ဝ နာရီအထိပြေးဆွဲပေးရန် သတ်မှတ်ထားသော်လည်း ပြေးဆွဲမှုမရှိသည့်ယာဉ်အား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ယာဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

''ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့YBSယာဉ်လိုင်းကားတွေကို ညပိုင်းခရီးသွားပြည်သူတွေ အဆင်ပြေ စေဖို့ ညပိုင်းမှာ ၁ဝ နာရီအထိ ပြေးဆွဲပေးဖို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ခုတော့ ပြေးလည်းပြေးဆွဲကြပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့အတိုင်းမလိုက်နာဘူး၊ စည်းကမ်းနဲ့ လျော်ညီမှု မရှိလို့ ပြည်သူတစ်ဦးတစ်ယောက်ကတိုင်ရင် အဲဒီယာဉ်လိုင်း ကားကို ပထမအနေနဲ့ ခေါ်ပြောပါမယ်။ အဲဒီလိုခေါ်ပြောလို့မှ မလိုက်နာဘူးဆိုရင်တော့ ယာဉ်လိုင်းပြေးဆွဲခွင့်ကို ပိတ်သိမ်း သွားမှာဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင် က ပြောသည်။

ယခုအခါ ရန်ကုန်မြို့တွင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက်သောYBSကားများသည် နံနက် ၅ နာရီမှ ည ၁ဝ နာရီအထိ သတ်မှတ်ယာဉ်လိုင်းအတိုင်း အလှည့်ကျမောင်းနှင်ခွင့်ပြုထားပြီး သတ်မှတ်ငွေကြေးထက် ကောက်ခံပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ ထုတ်ပြန်ထားပြီးဖြစ်သည်။ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် နှင့် ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းပပျောက်စေရန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ယခင်မထသယာဉ်လိုင်းပေါင်း ၃ဝဝ ကျော် ကို ယာဉ်လိုင်းပေါင်း ၆ဝ ကျော်အထိ လျှော့ချကာYBSယာဉ် လိုင်းများအဖြစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။

သို့သော် စတင်ပြေးဆွဲစဉ် တစ်ပတ်အတွင်း၌ ခရီးသွားပြည်သူ အချို့ ခရီးစဉ်ပြောင်းလဲမှုအပေါ် အခက်အခဲအနည်းငယ်ရှိခဲ့သော် လည်းယခုအခါ ထူးခြားမှုအခက်အခဲသိပ်မရှိတော့သော်လည်း ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်အချို့မှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးကြောင်း ခရီးသွားပြည်သူအချို့က ပြော သည်။ သို့သော်လည်း ယာဉ်မောင်းများအနေဖြင့်လည်း အနည်းငယ်သောအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ''ခုကျွန်တော်မောင်းနေတဲ့ ယာဉ်လိုင်းက မြို့တွင်းဆိုတော့ မနက် ၅ နာရီကနေ ည ၁ဝ နာရီအထိဆိုတော့ တော်တော်လေး ပင်ပန်းတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။

နောက်တစ်ခု အခက်အခဲက အငှားယာဉ်တွေကိစ္စပဲ။ သက်ဆိုင်ရာတိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့အနေနဲ့ မှတ်တိုင်တွေမှာ အငှားယာဉ်တွေ ရပ်ပေးထားတာ တွေကို ကူမရှင်းပေးဘူး။ ကျွန်တော်တို့ယာဉ်မောင်းတွေ အဓိက ကြုံနေရတာ အဲဒီပြဿနာပဲ။ မတော်တဆ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ယာဉ်မောင်းတွေ အပြစ်တင်ခံရဦးမယ်''ဟုYBS ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုမင်းသူအောင်က ပြော သည်။

Credit : thithtoolwin


02 Feb 2017     1,401 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS