BEC-TERO TV

နိုင်ငံကူးလက်မှတ်သက်တမ်းတို့ရန် မြန်မာပြည်ပြန်မည့် မြန်မာအလုပ်သမား ၈၀ ကို ထိုင်းရဲဖမ်းဆီး

01 Feb 2017     1,373 Views


ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မြန်မာပြည်ပြန်ပြီး နိုင်ငံကူးလက်မှတ်လုပ်မယ့် မြန်မာအလုပ်သမားပေါင်း ၈၀ ဟာ လမ်းခုလတ်မှာ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးအရေးယူခြင်း ခံနေရပါတယ်။
 
အလုပ်သမားတွေဟာ ပန်းရောင်နေထိုင်ခွင့်ကတ်တွေ ရှိပေမယ့်လည်း နယ်မြေထွက်ခွာခွင့်လက်မှတ် မရှိတာကြောင့် နခွန်းပထုံခရိုင် နခွန်းပထုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က အဖမ်းခံခဲ့ရတာလို့ ဖမ်းဆီးခံ အလုပ်သမားတွေကို ကူညီခဲ့တဲ့ ဘန်ကောက်ရောက် ဆရာတော် ဦးဇောတိကက ဒီဗွီဘီကို ပြောပါတယ်။
 
ဖမ်းခံထိတဲ့လူတွေကတော့ တညအိပ်ပြီး နောက်တနေ့ ဘုန်းဘုန်းဆီ ဆက်လာတာ၊ ဘုန်းဘုန်းလည်း ထိုင်း-မြန်မာသံရုံး အလုပ်သမားအရာရှိနဲ့ အေအေစီ မဟာမိတ်အဖွဲ့ကို ချိတ်ဆက်ပေးလိုက်တယ်။ အခု အဲဒီတာဝန်ရှိသူတွေ အလုပ်သမားကူညီရေးအဖွဲ့တွေက သူတို့ကို အကူအညီပေးဖို့ နခွန်းပထုံတရားရုံးမှာ ရောက်နေကြတယ်။ သူတို့က ပန်းရောင်ကတ်တွေရှိပေမယ့် နယ်မြေထွက်ခွာခွင့်လက်မှတ် မရှိဘူး၊ တချို့ ပန်းရောင်ကတ်တွေက သက်တမ်းကုန်နေတယ်၊ အဲဒါ အမှုဖွင့်ခံရပြီး သူတို့ကို ဒီကနေ့ တရားရုံးမှာ ရုံးတင်စစ်ဆေးနေတယ်။
 
အလုပ်သမားတွေဟာ ဘန်ကောက်နေရာအနှံ့မှာ အလုပ်လုပ်နေတဲ့သူတွေဖြစ်ပြီး ထိုင်းနိုင်ငံ ထီးခီးနယ်စပ်မှတဆင့် မြန်မာပြည်ကို ထားဝယ်ကနေ ဝင်ရောက်ဖို့ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် ပြန်လုပ်ဖို့ အေဂျင်စီ (ပွဲစား) ကို တဦးလျှင် ဘတ်ငွေ ၉၅၀၀ စီ ပေးထားရပြီး အဖမ်းခံရချိန်နဲ့ ရုံးတင်စစ်ဆေးခံရချိန်ထိ ပွဲစားဘက်က ရောက်လာတာတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က အလုပ်သမားတွေလွတ်မြောက်ဖို့ သက်ဆိုင်ရာ ရဲမှူးနဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့်လည်း  အလုပ်သမားတွေမှာ အထောက်အထား မပြည့်စုံတဲ့အတွက် တရားရုံးက သူတို့ကို မြန်မာပြည်ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
 
ကျနော်တို့က ရဲအကြီးဆုံးနဲ့ သွားတွေ့တော့ သူတို့က တရားရုံးကို တင်လိုက်ပြီ။ သူတို့လက်မှတ်တွေက နယ်ကျော်လို့မရဘူးလေ။ နယ်ကျော်မယ်ဆိုရင် အလုပ်သမားရုံးထောက်ခံစာ၊ အလုပ်ရှင်ထောက်ခံစာတွေပါယူရမှာ၊ သူတို့က အဲဒါမပါတော့ အရင်ဆုံး လဝကကိုပို့မယ်၊ ပြီးတော့  မြန်မာပြည်ကို ပြန်ပို့ခံရမယ်၊ မြန်မာပြည်ပြန်ပြီး အမ်အိုယူနဲ့ ပြန်ဝင်ရလိမ့်မယ်။ ပွဲစားကို အရေးယူမယ်ဆိုရင်တော့ ပွဲစားကိုဖမ်းပြီး ရုံးတင်တဲ့ထိ သူတို့က သက်သေအဖြစ် နေပေးရမယ်ဆိုရင်တော့ အမှုပြီးတဲ့ထိဆိုတော့  ကြန့်ကြာမယ်ပေါ့၊ အဲတော့ အားလုံးပြန်ကြည့်ပြီး အကောင်းဆုံးလမ်းကို ရွေးရမှာပေါ့။
 
အလုပ်သမားတွေကို လိုက်လံကူညီပေးနေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ တာဝန်ခံ ဦးခိုင်ကြီးကတော့ တရားရုံးဆုံးဖြတ်ချက်ပေါ် မကျေနပ်လို့ နခွန်းပထုံ လဝကရုံးကို ဆက်လိုက်သွားမယ်လို့ ပြောပါတယ်။
 
“ကျနော်တို့အဖွဲ့က ဒါကို ကျေနပ်မှုမရှိဘူး၊ ဒီကလေးတွေက သူတို့သဘောနဲ့သူတို့ သွားလည်တာမဟုတ်ဘူး၊  အလုပ်သွားလုပ်တာမဟုတ်ဘူး၊ ပွဲစားက ဦးဆောင်ပြီး ခေါ်သွားတာ၊ အာဏာပိုင်တွေက ပွဲစားကို မဖမ်းဘဲနဲ့ ကလေးတွေကိုပဲ ပြန်ပို့မယ်ဆိုရင် ကျနော်တို့က လက်မခံဘူး၊  အခု ဝက်လတ်ခင်နယ်မြေလဝကရုံးကို ဆက်သွားမယ်၊ ပွဲစားကို မဖမ်းပေးရင် အလုပ်သမားတွေ ပြန်လွှတ်ပေးဖို့ သွားပြောမယ်။”
 
မြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်လုပ်လိုက မြန်မာပြည်ပြန်စရာမလိုဘဲ   ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှာတင် ဆောင်ရွက်နိုင်ကြောင်း၊ ဒါပေမယ့် နှောင့်နှေးကြန့်ကြာမှု ရှိတာကြောင့် အမြန်ရအောင် ပွဲစားအဆက်အသွယ်နဲ့ မြန်မာပြည်ပြန်လုပ်ကြရာမှာ အခန့်မသင့်တော့ အဖမ်းခံရတာ၊ အလိမ်ခံရတာတွေ ရှိနေတယ်လို့ ကိုခိုင်ကြီးက ပြောသွားပါတယ်။
 
Credit:DVB

01 Feb 2017     1,373 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS