မိန်းကလေးငယ်လေးဦးကို မွေးစားထားသူ၏ ယာဉ်မောင်းက အဓမ္မပြုကျင့်
27 Jan 2017 1,726 Views

ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ နေအိမ်တိုက်ခန်းတွင် ခေါ်ယူမွေးစား ထားသည့် ကလေးငယ်ခုနစ်ဦးအနက် အသက် (၇)နှစ်အောက် မိန်းကလေးငယ်လေးဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အမျိုးသားအား ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။ အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်လေးဦးမှာအသက် (၇)နှစ် အရွယ်တစ်ဦး၊ အသက် (၅) နှစ်အရွယ်နှစ်ဦး၊ အသက် (၃)နှစ်ခန့် အရွယ်တစ်ဦးတို့ ဖြစ်သည်။ ၎င်းတို့ကို မွေးစားထားသည့် အမျိုးသမီး၏ ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တထောင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ဆီကို မနေ့ ညနေက အမှုလာဖွင့်ပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်း ဆီးပြီး စစ်ဆေးနေပါတယ်။ ကလေးတွေကိုတော့ ဇန်နဝါရီ ၂၆ ရက်ညနေက ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ်ထားပါတယ်။ ဆေးစစ်စာထွက်လာရင်တော့ အဖြေသိရမှာပါ’’ဟု ၎င်းက ပြောကြားသည်။
ဗိုလ်တထောင်မြို့နယ် လမ်း သွယ်(၂)ရှိ တိုက်ခန်းတစ်ခန်းတွင် အခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက အသက် (၃)နှစ်မှ (၇)နှစ်အရွယ် ကြားရှိ မိန်းကလေးငယ်လေးဦး နှင့် အသက် (၁၁)နှစ်နှင့် အသက် (၅)နှစ်အရွယ် ယောက်ျားလေး သုံးဦးကို မွေးစားထားရာ ကလေး ငယ်များ ညှဉ်းပန်းနှိပ်စက်ခံနေရ ကြောင်း ရပ်ကွက်နေသူများက တာဝန်ရှိသူများထံ သတင်းပေး တိုင်ကြားခဲ့သည်။ လက်ရှိတွင် အဓမ္မပြုကျင့်ခံ ရသည့် ကလေးငယ်လေးဦး အပါ အဝင် ကလေးအားလုံးကို လူမှု ဝန်ထမ်း ဦးစီးဌာနတွင် ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားကာ အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အမျိုးသားအား စစ်ဆေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာနတွင် ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထား သော ကလေးငယ်များဖြစ်သည့် အသက် (၁၁)နှစ်အရွယ်နှင့် သားကလေးငယ်တစ်ဦး၊ အသက် (၅)နှစ်အရွယ် ယောက်ျားလေး နှစ်ဦးနှင့် ကလေးငယ်လေးဦးကို ဇန်နဝါရီ ၂၅ ရက်တွင် ကျန်းမာရေးစစ် ဆေးကြည့်ရာ မိန်းကလေးငယ် လေးဦးတွင် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရခြင်းကို တွေ့ရှိခဲ့ရကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေမေစိုးက ပြောသည်။
‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး လွန် ခဲ့တဲ့တစ်ပတ်လောက်ကတည်း က သက်ဆိုင်ရာဌာနတွေက အကြောင်းကြားထားတာ ရှိတယ်။ ပြစ်မှုကျူးလွန်သူတွေ ခရီးထွက် နေတဲ့အတွက် စောင့်နေတာပါ။ ကလေးတွေနဲ့ပတ်သက်လို့ အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက်လည်း ပါပါတယ်။ အခုတော့ ဗိုလ်တထောင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်’’ဟု ၎င်းက ပြောသည်။
ကလေးငယ်များကို စစ် ဆေးမေးမြန်းရာတွင် ၎င်းတို့ကို မွေးစားခဲ့သော ဒေါ်ခမ်း၏ယာဉ် မောင်းအသက် (၄၃)နှစ်အရွယ် လှမိုး(ခ)နီတွတ်က မိန်းကလေး ငယ်လေးဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် ကလေးမွေးစားသူ ဒေါ်ခမ်းနှင့် ကလေးထိန်းတစ်ဦး တို့ကိုလည်း ယခုကိစ္စနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ‘‘ဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူ တွေ အကုန်လုံးကို စစ်ဆေးအရေး ယူသွားမယ်။ မွေးစားထားတဲ့ အမျိုးသမီးမှာလည်း စာရွက်စာ တမ်းတွေရှိပေမယ့် စစ်ဆေးသွား မယ်။ ကလေးမွေးစားသူ ဒေါ်ခမ်း နဲ့ ကလေးထိန်းဒေါ်ခင်မာညိုတို့ ကိုလည်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့က စစ်ဆေးနေ ပါတယ်’’ဟု ရဲအရာရှိတစ်ဦးက ပြောသည်။ ကလေးငယ် ခုနစ်ဦးကို လူ မှုဝန်ထမ်းဦးစီးဌာနရုံး (ဗိုလ်တ ထောင်)မှ တာဝန်ခံဒေါ်စိုးထိုက် (၄၅)နှစ်က စောင့်ရှောက်ထားပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူလှမိုး(ခ) နီတွတ်ကို ဗိုလ်တ ထောင်ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။အဆိုပါကလေးများအနက် လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူမွေးစားထားသည့် ကလေး အချို့ပါဝင်ကြောင်း ရဲမှူးကြီး တစ်ဦးက အတည်ပြုပြောကြားသည်။
‘‘လောလောဆယ် လူမှု ဝန်ထမ်းကနေခေါ်ပြီး မွေးစားတဲ့ ကလေးတွေလည်း ပါတယ်။ တရားဝင် စာချုပ်စာတမ်းနဲ့။ မနက်ဖြန် (ယနေ့ ဇန်နဝါရီ ၂၇ ရက်)မှာ အဲဒီစာချုပ်စာတမ်းတွေ ပြမယ်လို့ပြောတယ်။ လောလောဆယ် မနေ့ကအထိရတဲ့ဟာလည်းကလေးလေးယောက်ကိုလို့ သိထားတာ။ အခုအချိန်မှာတော့ အကုန်လုံးခွဲပြီး စစ်ဆေးနေတုန်း။ စခန်းက စစ်တာက တစ်ပိုင်းပေါ့နော်။ ကလေးသူငယ် စောင့်ရှောက်ရေးက ယောက်ျားလေးဂေဟာနဲ့ မိန်းကလေးဂေဟာမှာ အမျိုးသား၊ အမျိုးသမီးတွေခွဲပြီး စစ်ဆေးကြတယ်။ ဆေးမှတ်တမ်းတွေဘာတွေ ဒီနေ့သွားယူကြတယ်ဆိုတော့ မနက်ဖြန်ကျရင် အဲဒီအဖွဲ့တွေ ပြန်ပေါင်းပြီးတော့မှ ကွာဟချက်တွေ ကွဲလွဲချက်တွေ ပေါ်လာနိုင်တာပေါ့။ ဆေးမှတ်ချက်တွေထွက်လာရင် ပိုပြီးတော့ ခိုင်မာတဲ့အဖြေရလာမှာပေါ့’’ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးမျိုးဆက်အောင်က ကလေး ငယ်အချို့အား ခေါ်ယူမွေးစား သည်ဆိုသည့်အပေါ် တိတိကျကျ မှတ်ချက် မပေးဘဲ အထောက် အထားနှင့်တကွ ရှင်းပြလို၍ ရုံးဖွင့်ချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနသို့ လာရောက်ရန်နှင့် သက်ငယ်မုဒိမ်းကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။
Credit : 7daydaily