လူ(၈)ဦးသေဆုံးခဲ့သည့် အမြန်လမ်းကားမီးလောင်မှု စီအိုင်ဒီက ကိုင်တွယ်ပြီ
26 Jan 2017 1,433 Views

ဇန်နဝါရီ ၂၁ရက်က ဖြစ်ပွားခဲ့သော နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် ၄ မိုင် ၂ ဖာလုံတွင် ဟိုက်အေ့စ်ယာဉ် မတော်တဆမှုဖြစ်စဉ်၌ လူ(၈)ဦး မီးလောင်သေဆုံးခဲ့ရမှုအပေါ် အမှုမှန်ပေါ်ပေါက်စေရန် တစ်ဦးတည်း လွတ်မြောက်လာခဲ့သည့် ကိုအောင်ခန့်ဆိုသူ အမျိုးသားအား စီအိုင်ဒီမှ ကိုင်တွယ်စစ်ဆေးတော့မည်ဖြစ်သည်။
အမှုကို စီအိုင်ဒီသို့ လွှဲပြောင်းပေးရန် အဆိုပါအမှုကို လက်ရှိတွင် ကိုင်တွယ်စစ်ဆေးနေသော အမှတ် ၃ လမ်းဆုံ ရဲစခန်းသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၅ ရက်မွန်းလွဲ ၁ နာရီခန့်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည့်အတွက် ပြစ်မှုတွဲနှင့်အတူ ပြစ်မှုကျူးလွန်သူဟု ယူဆရသော ကိုအောင်ခန့်ကိုပါ လွှဲပြောင်းပေးရန် စီစဉ်လျှက်ကြောင်း သိရှိရသည်။
ကားမီးလောင်ရာတွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များကလည်း သာမန်မတော်တဆမှု မဟုတ်နိုင်ကြောင်း သံသယရှိနေကြပြီး အမှုမှန်ပေါ်ပေါက်စေရန် ဆန္ဒရှိနေသည့်အချိန်တွင် စီအိုင်ဒီက ကိုင်တွယ်စစ်ဆေးမည့်အပေါ် ကြိုဆိုကြောင်း သိရသည်။
အန်တီတို့ကတော့ အမှုမှန်ကိုပဲ ပေါ်စေချင်ပါတယ်၊ အန်တီထင်တာကတော့ ရိုးရိုးတော့ လုံးဝမဖြစ်နိုင်ပါဘူး။ စီအိုင်ဒီက ပြောင်းပြီး စစ်ဆေးတော့မယ်ဆိုတာကိုလည်း ကြိုဆိုပါတယ်။ သမီးနဲ့နောက်ဆုံးဖုန်းရတာက ၇ နာရီနဲ့ ၂၆ မိနစ်မှာပါ၊ နောက်ဆုံး သူ့အဖေနဲ့တောင်မှ ဖုံးပြောပါသေးတယ်။ အခု မီးမလောင်ခင် ကားတိုက်တာကလည်း ကြီးမားတဲ့အရာကို တိုက်တာမဟုတ်ပဲ သူတို့ဘာလို့ တစ်ယောက်မှ မထွက်နိုင်တာလဲ၊ တစ်ယောက်လောက် လွတ်လာရင်တောင် စိတ်ဖြေသာပါသေးတယ်
ဟု သေဆုံးသူ မမေသူရဲ့ အဖွားက ပြောကြားခဲ့ပါတယ်။
လူ(၈)ဦး ကားမီးလောင်သေဆုံးမှုတွင် တစ်ဦးတည်း အသက်ရှင်ပြန်လွတ်လာခဲ့သူ ကိုအောင်ခန့်က အစပိုင်းတွင် မီးလောင်သေဆုံးခဲ့သူ ဦးဝင်းထွန်းက ကားကို မောင်းနှင်ခဲ့ရာမှ မတော်တဆမှုဖြစ်ပွားပြီး မီးလောင်ခဲ့တယ်ဟု လိမ်လည်ထွက်ဆိုခဲ့ပြီးနောက် ခိုင်လုံမျက်မြင်သက်သေ နှစ်ဦးရဲ့ ထွက်ဆိုချက်များအပေါ် မူတည်၍ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ကားကို သူမောင်းနှ၍်ခဲ့ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ကားမီးတောင်ရာတွင် သေဆုံးခဲ့သူ မသင်းသင်းမော်၏ အမျိုးသားဖြစ်သူ ကိုအောင်ကိုကိုဦးက အဆိုပါ ကာမီးလောင်မှုသည် မတော်တဆမှုတစ်ခု မဟုတ်နိုင်ကြောင်း သံသယရှိခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် ရဲဌါနကို အကူညီတောင်းခံပြီး သူကိုယ်တိုင်လည်း ဆက်လက်ဖော်ထုတ်သွားမည်ဟု လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရုပ်သံတိုက်ရိုက်လွှင့်ကာ ပြောကြားခဲ့သည့်အတွက် ပြည်သူအများကလည်း အထူးအာရုံစိုက်လာသော အမှုတစ်ခု ဖြစ်ခဲ့ခြင်းဖြစ်သည်။
Ref:7day