ကြက်ဆူသီးအစေ့များအား ခူးယူစားသုံးကြရာမှ ကလေးငယ် (၁၆)ဦး အစာအဆိပ်သင့်
25 Jan 2017 2,175 Views

တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာ၌ မူကြိုကျောင်းသား/သူလေးများအပါအဝင် ကလေးငယ်အချို့ ကြက်ဆူသီးများ ခူးယူစားသုံးရာမှ အဆိပ်သင့်မှု ဖြစ်ပွါးခဲ့ကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ(၅) နာရီအချိန်ခန့်၌ ကလေးငယ်များ ကစားကြရာမှ ရွာအဝင် ဒေါ်ဝင်းရီနေအိမ်၏ အနောက်ဘက်တွင် ခြံစည်းရိုးအဖြစ် စိုက်ပျိုးထားသော ကြက်ဆူပင်မှ ကြက်ဆူသီးအစေ့များအား ခူးယူစားသုံးကြရာမှ အစာအဆိပ်သင့်၍ မူးမေ့အော့အန်ကြရာ ကျေးရွာသားဖွားဆရာမ ဒေါ်အေးစန္ဒာမိုးထံ ဆေးကုသမှုခံယူကာ ဆက်လက်၍ ကျေးရွာမှ ပြည်ကြီးမဏ္ဍိုင်မြို့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရပြီး၊ ဆေးကုသမှု ခံယူလျက်ရှိသော ကလေးငယ်များမှာ ယခုအခါ စိုးရိမ်ရသော အခြေအနေတွင် မရှိကြောင်းသိရှိရသည် ။

ဆေးကုသမှု ခံယူနေသော ကလေးများမှာ ယောက်ျားလေး(၉)ဦး၊ မိန်းကလေး(၇)ဦး၊ စုစုပေါင်း(၁၆)ဦးဖြစ်ပြီး အသက်(၂)နှစ်မှ (၁၃)နှစ်အရွယ်အထိ ပါဝင်ပြီး မူကြိုအဆင့်နှင့် ဆဋ္ဌမတန်းအထိကျောင်းသား/သူများ ပါဝင်ကြောင်းသိရှိရသည် ။
Credit:Iprd Kawthoung