BEC-TERO TV

စင်ကာပူကိုကျော်နိုင်တဲ့ တစ်နေ့ YBS ဘတ်စ်ကားပေါ်မှာ ဒီအဖြစ်မျိုးကင်းပါစေ

24 Jan 2017     1,430 Views


နိုင်ငံတော်ခေါင်းဆောင်များက အနှစ် ၂၀ အတွင်း စင်ကာပူနိုင်ငံကို ကျော်တက်ရမယ်လို့ ကြွေးကြော်ပြီးတဲ့နောက်မှာ အဖက်ဖက်က စီမံကိန်းတွေချပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီထဲမှာ အသိသာအထင်ရှားဆုံးကတော့ YBS ဘတ်စ်ကား စနစ်ပဲဖြစ်ပါတယ်။
 
အများပြည်သူကူညီမှုနဲ့သာ ဆက်သွားရင် နှစ် ၂၀ အတွင်း စင်ကာပူကို ကျော်တက်မယ်ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်သူတွေနဲ့အတူ ဘတ်စ်ကားလိုက်စီးတဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြောကြားသွားခဲ့ပါတယ်။ တစ်ချိန်က စင်ကာပူသည်လည်း မြန်မာနိုင်ငံကို အားကျအတုယူကာ လိုက်လံကြိုးစားရင်း ယနေ့ကမ္ဘာ့အဆင်မီ နိုင်ငံကြီးတစ်ခု ဖြစ်လို့နေပါပြီ။
 
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်လွန်းတဲ့ စင်ကာပူဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ အားနည်းချက်တွေရှိလာပါတယ်။ လူမှုထုံးတမ်းစဉ်လာအရ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားရမယ်ဆိုတဲ့ စိတ်ဓါတ်နည်းပါလားပါတယ်။ တွန်းတွန်းတိုက်တိုက် ကြိုးစားနိုင်မှ ရပ်တည်နေနိုင်မယ့်နိုင်ငံမျိုးမှာ ကိုယ့်အကျိုးစီးပွား မရှိရင် ဂါရဝတရားအားနည်းလာကြပါတယ်။ မေတ္တာတရားတွေ ယုတ်လျော့လာပြီး ဘယ်သူ့ကိုမဆို ပြိုင်ဘက်လို သဘောထားတတ်ကြပါတယ်။ ကိုယ့်မိရင်းဖရင်းကို ဘိုးဘွားရိပ်သာမှာ သွားထားကြသူတွေ အများကြီးပါ၊ လူကြီးမို့ လူငယ်မို့ဆိုတာထက် ကိုယ့်ဖက်သာ ကိုယ်ကြည့်တတ်သူတွေများလာခဲ့ပါတယ်။
 
ယခုဗီဒီယိုမှာလည်း စင်ကာပူနိုင်ငံရဲ့ ဘတ်စ်ကားလိုင်းတစ်ခုဖြစ်တဲ့ SBS Transit ဘတ်စ်ကားပေါ်မှာ အမေအရွယ်လောက်ရှိသူနဲ့ သားအရွယ်လောက် ရှိသူနှစ်ဦး ရုပ်ပျက်ဆင်းပျက် ရန်ဖြစ်ကြတာ အလွန်ပင်အကျဉ်းတန်ပါတယ်။ ဗီဒီယိုအရ မည်သည့် အကြောင်းအရာနှင့် စတင်စကားများကြသည်ကို မသိရပဲ အဖွားကြီးမှ အပြာရောင်အင်္ကျီနဲ့ လူငယ်ကို အနံ့ဆိုးကောင်လို့ ပြောတဲ့အခါ၊ လူငယ်က ခင်ဗျားကြီးအနံ့ကရောလို့ ပြန်ပြောလိုက်တော့ အဖွားကြီး မခံနိုင်ဖြစ်လာပြီး ခုံပေါ်က ဆင်းလာကာ လိုက်ရိုက်ပါတော့တယ်။ လူငယ်လဲ ရှက်ရှက်နဲ့ အဖွားကြီးကို ခြေထောက်နဲ့ ပိတ်ကန်ပါတယ်။ ဒီအခါ အဖွားကြီးက တံတွေးနဲ့ထွေး၊ လူငယ်က ပြန်ထွေးနဲ့ ကြားက ဝင်ဖြန်ဖြေတဲ့လူ ရှိတာတောင် ဆက်ဖြစ်နေကြတုန်းပါ။
ဘတ်စ်ကားမောင်းသူက လူငယ်ကို အဖွားကြီးကို ဘာမှမလုပ်ဖို့ လှမ်းပြောပါတယ်။ နောက်ဆုံးမှာတော့ အဖွားကြီး သူဆင်းရမယ့် မှတ်တိုင်အရောက်မှာ မကျေမနပ် ပြောဆိုဆင်းသွားတာကို တွေ့ရပါတယ်။
 
ဒီဗီဒီယိုဟာ ၂၀၁၆ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုဖြစ်ပြီး အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာ သိပ်မကြာသေးပါဘူး၊ အကယ်၍ ဒီဗီဒီယိုကို တာဝန်ရှိသူတွေ ကြည့်မိသွားမယ်ဆိုရင်တော့ လူငယ်ဟာ အရေးယူခံရနိုင်ပါတယ်။ ဒီနေရာမှာ လူငယ်ရဲ့ အပြစ်ချည်းပဲ မဟုတ်ပါဘူး၊ စင်ကာပူနိုင်ငံက အချို့ အသက်ကြီးတဲ့ လူကြီးတွေဟာ သူတို့ခေတ်က ကြိုးစားရုန်းကန်ရသမျှ ခုခေတ် လူငယ်တွေ ဇိမ်ကျနေတာကို မြင်ပြင်းကတ်နေတာတွေရှိပါတယ်။ ပိုဆိုးတာကတော့ နိုင်ငံခြားသား အလုပ်သမားတွေဆိုရင် ရထားပေါ်၊ ကားပေါ် မမြင်လို့ ထိုင်နေတဲ့နေရာ မဖယ်ပေးရင် အော်ကြီးဟစ်ကျယ်နဲ့ ရန်လုပ်ခံရတတ်တ်ပါတယ်။
 
ဒါတွေအားလုံးဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနောက်ကိုပဲ အမီလိုက်ခဲ့ကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာတွေ လစ်ဟင်းခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်လည်း စင်ကာပူကို အမီလိုက်နေချိန်မှာ မြန်မာ့ဓလေ့စရိုက်၊ စိတ်နေစိတ်ထား၊ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရင်း စင်ကာပူကို ကျော်တက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ တစ်နေ့ကျရင် YBS ဘတ်စ်ပေါ်မှာ ဒီလိုအဖြစ်မျိုး ကင်းဝေးနိုင်ပါစေ..။ 
 

24 Jan 2017     1,430 Views




RELATED

Most Popular of Special or Others

Most Popular of NEWS