YBS ဘတ်စ်ကားများကို GPS စနစ်များ ရက်သတ္တနှစ်ပတ်အတွင်း တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေဟု သိရ
24 Jan 2017 1,389 Views

YBS ဘတ်စ်ကားများကို တည်နေရာပြ GPS စနစ်များ ရက်သတ္တပတ် နှစ်ပတ်အတွင်း တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ YBS ဘတ်စ်ကား စတင်ချိန်တွင် ပါဝင်ခဲ့သူ ဦးရန်အောင်က ဇန်န၀ါရီ ၂၃ ရက်က ပြောကြားသည်။
“YBS စက်တွေတပ်တာကို နှစ်ပတ်အတွင်း အကောင်အထည်ဖော်မှာဖြစ်တယ်။ အရင်တုန်းက အဝေးပြေးဂိတ်မှာ တပ်ပြီးသား ဖြစ်တယ်” မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးရန်အောင်က ဆိုသည်။
ယခုလက်ရှိတွင် ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ပြောင်းပြီးပါက ဘတ်စ်ကားများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် မော်တော်ယာဉ်များ၏ လုံခြုံရေးစနစ်ကို မြှင့်တင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့နောက် ဘတ်စ်ကားများ၏ ငွေပေးသည့် စနစ်တစ်ခုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို သုံးလလျှင်တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အချိန်သတ်မှတ်ချက်အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းများကို ၂၀၁၇ ခုနှစ်အကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
“လိုင်းကားတွေမှာ GPS စနစ်တွေ စက်တွေ တပ်ပေးမှာဖြစ်ပါတယ်။ စက်ရဲ့တန်ဖိုးက နှစ်သိန်းခွဲလောက်ရှိတယ်။ ဒီဟာကို အစိုးရက အလကားတပ်ပေးမှာ ဖြစ်ပါတယ်။ ပျက်တယ် ဆိုရင်လည်း ပြင်ပေးမယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်တယ်ဆိုရင် အရေးယူပါလိမ့်မယ်။ ပြန်လည်းလျော်ပေးရမှာဖြစ်တယ်။ ဒီ စနစ်ကို တပ်ခြင်းအားဖြင့် ရလာမယ့်အကျိုးစီးပွားက ဘာလဲဆိုတော့ ကားတွေ ဂိတ်ကစထွက်ရင် သူ့ကို Control Center ကနေ မြင်နေရမယ်။ ဒီကားတစ်စီးက ဂိတ်အစ အဆုံး သွားရမယ့် တာဝန်ရှိတယ်။ ဂိတ်အစအဆုံးမသွားဘဲ ရပ်နေတယ်ဆိုရင် Control Center ကနေ လမ်းဆုံ၊ လမ်းခွ မို့ရပ်တာလား၊ ကားပိတ်လို့ ရပ်တာလား သို့မဟုတ် ပြန်ကွေ့ရင်လည်း ဗူမောမြည်လိမ့်မယ်။ အဲဒီလိုဖြစ်ရင် သက်ဆိုင်ရာ ဂိတ်မှူးတွေကို အကြောင်းကြားမှာ ဖြစ်တယ်” ဟု
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က ပြောကြားသည်။ လက်ရှိတွင် YBS အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်တွင် ယာဉ်အစီးရေ ၃၂၀၀ ကျော်လောက် ပြေးဆွဲနေပြီး ပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် ဟောင်းနွမ်းယာဉ်များလည်း ပါဝင်နေကာ၊ မော်တော်ယာဉ်အသစ်များဖြင့် အမြန်ဆုံးအစားထိုးရမည့်ယာဉ်ရာခိုင်နှုန်း ၂၀ ခန့်ရှိနေကြောင်း သိရသည်။
Credit : news-eleven