ညီမနှင့် တူမအရင်းများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် လူကုန်ကူးသူအမျိုးသမီးအားဖမ်းဆီး
24 Jan 2017 1,724 Views

ညီမအရင်းနှင့်တူမများ ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်လူမျိုးများ၏ဇနီးမယားအ ဖြစ် ရောင်းစားခဲ့ပြီး နောက်ထပ် တူမအရင်းနှင့် အခြားမိန်းကလေး တစ်ဦးတို့ကို ထပ်မံရောင်းစားရန် ကြံစည်ခဲ့သည့် အမျိုးသမီးတစ်ဦး ကို ဇန်နဝါရီ ၂၁ ရက်နံနက်က ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ သိရသည်။

လူကုန်ကူးသူ ဒေါ်ခင်ဆွေဦး
အဆိုပါ အမျိုးသမီးသည် ကန်ကြီးထောင့်မြို့ အမှတ်(၁) ရပ်ကွက်ရှိ အသက်(၁၇)နှစ်အရွယ် မိန်းကလေးနှစ်ဦးကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန်ဟုဆိုကာ ပုသိမ်-ရန်ကုန် ခရီးသည်တင် မော်တော်ယာဉ်ဖြင့် အဆိုပါနေ့ နံနက်က ခေါ်ဆောင်လာသည်ဟု ရဲတပ်ဖွဲ့က သတင်းရသဖြင့် ကန်ကြီးထောင့်မြို့နယ် ရွှေလှောင်တံ တားစစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းစစ်ဆေးရာက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တိုင်းလူကုန်ကူး မှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးသက်ဦးက ပြောသည်။
အဆိုပါအမျိုးသမီးသည် တရုတ်နိုင်ငံ ဆန်တုံမြို့တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဦးဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ် ကန်ကြီးထောင့်မြို့ရှိ ၎င်း၏အစ်ကိုဖြစ်သူထံ လာရောက်၍ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားလေ့ရှိကြောင်းနှင့် ၂၀၁၄ တွင် အမျိုးသမီးငယ် သုံးဦးနှင့် ၂၀၁၅ တွင် အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဒုရဲမှူးသက်ဦးက ပြောသည်။
‘‘ကျန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူ့တူမအရင်းနှစ်ယောက်ကို ခေါ်သွားတယ်။ နောက်တစ်ခေါက်ကျတော့ သူ့ညီမအရင်းတစ်ယောက်ကို ခေါ်သွားတယ်။ သူ့အိမ်မှာပဲ ထားရင်းနဲ့ တရုတ်မယားတွေ ဖြစ်ကုန်တယ်။ အခုခေါ်သွားတဲ့ ကောင်မလေး နှစ်ယောက်ထဲက တစ်ယောက်ကလည်း သူ့တူမအရင်း၊ သူ့အစ်ကိုရဲ့သမီး၊ သူ့ကိုတော့ တရုတ်မယားလုပ်ရမယ်။ သိန်းလေးဆယ်ရမယ်ဆိုပြီး ခေါ်လာတာ။ ကောင်မလေးက လိုက်မယ်ဆိုပြီး လိုက်ခဲ့တာ။ နောက်တစ်ယောက်ကိုတော့ ကလေးထိန်းရမယ်ဆိုပြီး ခေါ်လာတယ်။ နဂိုပို့ထားတဲ့ သူတွေက သူတို့အိမ်တွေကို ငွေပြန်ပို့ပေးခဲ့တာတွေ ရှိပေမယ့် သူကမပေးပဲ ကြားကဖြတ်သုံးထားတယ်ဆိုတဲ့ အချက်တွေ စစ်ဆေးပေါ်ပေါက်ခဲ့တယ်’’ဟု ၎င်းက ပြောသည်။
အဆိုပါအမျိုးသမီးသည် မိန်းကလေးငယ်များကို ရန်ကုန် မြို့မှတစ်ဆင့် မူဆယ်-လားရှိုးလမ်းမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားသဖြင့် ၎င်းကို ကန်ကြီးထောင့်မြို့ မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Credit:သက်ဆွေ