ရန်ကုန်စီးတီးတက္ကစီများကို မဖြစ်မနေ နံပါတ်အနက် ပြောင်းလဲရန် စတင်စာရင်းကောက်ခံ
21 Jan 2017 1,744 Views

ရန်ကုန်မြို့မှ အဌားယာဉ်များကို ရာသက်ပန်တက္ကစီများမှလွဲပြီး ကျန်သည့် လုပ်ငန်းသုံး နံပါတ်အနီကားများကို မဖြစ်မနေ နံပါတ်အနက် ပြောင်းလဲရန် စာရင်းကောက်ယူမှုများစတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရာသက်ပန် တက္ကစီနံပါတ်နှင့်နံပါတ် အနက်မှ အနီသို့ပြောင်းလဲထားသည့် ကားများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှူ အာဏာပိုင် အဖွဲ့မှ စာရင်း အတိအကျ ပြုစုနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် အများပိုင် ဘက်စ်ကားလိုင်စနစ်ကို ပီပြင်စွာ လုပ်ဆောင်ပြီးပါက နှစ်လသုံးလအတွင်း အဌားယာဉ်များကို စည်းကမ်း တကျပြေးဆွဲမောင်းနှင်နိုင်ရေး အတွက် စိစစ်ကြပ်မတ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှူအာဏာပိုင် အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကဆိုသည်။
အဌားယာဉ်အများစုကိုလည်း ဘက်စ်ကားများနည်းတူ ရန်ကုန်တိုင်းအစိုးရ လက်အောက်ဖြစ်သည့် ကြီးကြပ်ကွက်ကဲမှုအာဏာပိုင် အဖွဲ့သို့ ထည့်သွင်းပြီး ထိန်းချုပ်သွားရန်စီစဉ်ထားကြောင်း၎င်းကပြောသည်။
ပထမအဆင့် အနေဖြင့် ရာသက်ပန်တက္ကစီများဖြစ်သည့် AA, BB နံပါတ်များမှ လွဲပြီး အနက်မှ အနီသို့ပြောင်းထားသော ကားများကို စိစစ်လျှော့ချသွားမည်ဖြစ်ကာ နယ်လိုင်စင် နံပါတ်အနီများဖြင့်ပြေးဆွဲနေသည့် ကားများကို မောင်းနှင့်ခွင့်ပြုတော့မည် မဟုတ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်တွင်ပြေးဆွဲနေသော အဌားယာဉ်များကို ပြန်လည်ပြီး အသစ်စာရင်းပြုစုနေကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စားရင်းအတိအကျကိုတောင်းခံထားကြောင်း ကညန လုပ်ငန်းလိုင်စင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နံပါတ်အနီ ရာသက်ပန်တက္ကစီကားများကိုလည်း နောက်ပိုင်းတွင် တစ်ဦးတစ်ယောက်ခြင်း ပိုင်ဆိုင်ပြီးအုံနာစနစ်ဖြင့် မောင်းနှင်ခြင်းထက် ကုမ္ပဏီများမှ ကိုင်တွယ်ထိန်းချုပ်သည့်စနစ်ကို လုပ်ဆောင်ရန်အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှရည်ရွယ်ထားသည်။ ရန်ကုန်တွင် အဌားယာဉ်ဖြင့်ပြေးဆွဲနေသည့် ကားအစီးရေ ၆ သောင်းကျော်ရှိပြီး ၎င်းကားများထဲတွင် နံပါတ်အနက်မှ အနီသို့ ပြောင်းလဲပြီးပြေးဆွဲနေသည့် ကားအစီးရေ ၂၇,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး (ကညန) တိုင်းဦးစီးမှူးရုံးမှ ထုတ်ပြန်ထားသည်။
နံပါတ်အနီ ရာသက်ပန်တက္ကစီများကိုသာ ပြေးဆွဲခွင့်ပြုမည်ဆိုပါက အဆိုပါကားများမှာဈေးကွက်အတွင်ဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း ကာအရောင်းအဝယ်ပြုလုပ်သူများကဆိုသည်။
Credit:7DayCars