မှတ်ပုံတင်မရှိသေး၍ ဆေးကျောင်းတက်ခွင့်မရသူ ကျောင်းသူတစ်ဦးမှ နိုင်ငံတော်အကြီးအကဲများထံ မေတ္တာရပ်ခံစာပေးပို့
13 Jan 2017 1,991 Views
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဆေးကျောင်းတက်ရန် လျှောက်ထားရာတွင် မှတ်ပုံတင်မရှိသေးသည့် အကြောင်းပြချက်ဖြင့် ဆေးတက္ကသိုလ် တက်ရောက်ခွင့် မရသည့် မနှင်းနှင်းဝေက ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ထား ခဲ့ကြောင်း သိရှိရသည်။
တက္ကသိုလ်ဝင်တန်းကို အမှတ်ပေါင်း (၅၂၇) မှတ်ဖြင့် အောင်မြင်ထားခဲ့သည့် မနှင်းနှင်းဝေမှာ ဆေးတက္ကသိုလ်မေဂျာ လျှောက်ထားခဲ့သော်လည်း အခြေခံပညာဦးစီးဌာနမှ မှတ်ပုံတင်မရှိသေးသည့် အကြောင်းပြချက်ဖြင့် အင်္ဂလိပ်မေဂျာ ကိုသာ ပြန်လည်ချထားခြင်း ပေးခဲ့ခြင်းဖြစ်သည်။
“အန်တီတို့လည်း လှိုင်မြို့နယ်က ဦးစီးဆီမှာ မှတ်ပုံတင်လုပ်ဖို့ အကြိမ်ကြိမ်သွား လုပ်ပါတယ်။ နောက်ဆုံး ထောက်ခံစာလေး တောင်းတာတောင်မှ လျှောက်ထားဆဲဆိုတဲ့ ထောက်ခံစာ မပေးဘူး။ သမီးက မွေးစာရင်း အသစ်ထဲမှာလည်း မပါသေးတော့ အဲ့ဒါအရင် တိုးခိုင်းတယ်။ ပြီးတော့ မွေးစာရင်းတိုးပြီး ခွင့်ပြုမိန့်ကျပြီးမှ ဖခင်ပြုနိုင်ငံသား စာအုပ်မှာ နာမည်ဖြည့်ရမယ်။ ပြီးမှ ပြုလက်မှတ် စာရင်းပါမှ နိုင်ငံသားပြုခွင့် လျှောက်ထားရမယ်ဆိုတဲ့ ထောက်ခံစာပဲပေးတယ်။ လ.ဝ.က ကပေးလိုက်တဲ့ ထောက်ခံစာကို အခြေခံပညာဦးစီးဌာနက အကျုံးမဝင်ဘူးပြောတယ်” လို့ မနှင်းနှင်းဝေ ရဲ့ မိခင်က ရှင်းလင်းပြောပြခဲ့ပါတယ်။
၎င်းတို့မိသားစုအနေနှင့်လည်း မှတ်ပုံတင်လျှောက်ထားဆဲဆိုသည့် ထောက်ခံစာရအောင် လှိုင်မြို့နယ် လ.ဝ.က တွင် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့သောလည်း ယနေ့တိုင် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။
မနှင်းနှင်းဝေအား ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားနိုင်ရန်အတွက် တားဆီးပိတ်ပင်ခံနေရတဲ့ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန်အတွက် မေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံထံနှင့်အတူ နိုင်ငံတော်သမ္မတ၊ ပညာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ထံသို့ ပေးပို့ထားကြောင်း သိရှိရပါတယ်။
Credit:timeayeayar.com