အမျိုးသားတဦးတည်းကို ပြိုင်တူလက်ထပ်မည့် အမြွှာညီအမ
10 Jan 2017 1,374 Views
အမျိုးသားတဦးတည်းကိုပဲ ချစ်ကြိုက်ပြီး အတူတူနေခဲ့တဲ့ အမြွှာညီအမနှစ်ဦးဟာ အဲ့ဒီအမျိုးသားကို သူတို့ ၂ ဦး တပြိုင်နက်တည်း လက်ထပ်ဖို့ စီစဉ်နေတယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့က အန်နာနဲ့ လူစီ အမြွှာညီအမ ၂ ဦးဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဖေ့စ်ဘွတ်ခ်မှာတွေ့ပြီး ချစ်ကြိုက်ခဲ့တဲ့ သူတို့ ၂ ဦးရဲ့ချစ်သူ ဘန်ဘရိုင်ရန်နဲ့ လက်ထပ်ဖို့ စီစဉ်နေကြတာပါ။
အသက် ၃၀ အရွယ် အမြွှာညီအမတွေဟာ အရီဇိုးနားပြည်နယ်မှာရှိတဲ့ တူဆန်ကို သွားလည်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
အရီဇိုးနားပြည်နယ်ရဲ့ အခြေခံဥပဒေအရ အမျိုးသားက တပြိုင်နက်တည်း ဇနီးမယား တဦးထက်ပိုပြီး လက်ထပ်ခြင်းနဲ့ အမျိုးသမီးမှ ခင်ပွန်းတဦးထက်ပိုပြီး လက်ထပ်ခြင်းကို တားမြစ်ထားသော်လည်း အပြစ်ပေးခြင်းတော့ မရှိသေးပါဘူး။
“ကျမတို့ ၂ ယောက်က သူနဲ့ အတူတူနေတာ ၅ နှစ်ရှိနေပါပြီ။ ဒါကြောင့် သူကတော့ ကျမတို့ ၂ ဦးစလုံးကို ရရှိတဲ့ ကံကောင်းတဲ့ အမျိုးသားပါပဲ။ ကျမတို့ ၂ ဦးလုံး ဘန်လို့ခေါ်တဲ့ အမျိုးသားတဦးတည်းကိုပဲ လက်ထပ်ချင်တာပါ” လို့ အမြွှာညီအမ ၂ ဦးက ယူကျုပေါ်မှာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောဆိုခဲ့ပါတယ်။
“ကျမတို့ ဒီကိစ္စက ဘယ်လို ရှေ့ဆက်ဖြစ်မလဲဆိုတာ စဉ်းစားနေကြတယ်။ ဆွေးနွေးငြင်းခုန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါက တကယ်ပဲ အလုပ်ဖြစ်မလား၊ ကျမတို့လည်း တကယ်ပဲမသိဘူး” လို့လည်း ဆိုပါတယ်။
“သူကတော့ တကယ်ကံကောင်းပါတယ်၊ ကျမတို့ရဲ့ မေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကို ၂ ဆရမယ်။ ကျမတို့က ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ပါဘူး။ ဒီလိုလုပ်တာက ကျမတို့ကို ပျော်ရွှင်စေပါတယ်” လို့ သူတို့ ၂ ဦးက ပြောပါတယ်။
သူတို့ ၂ ဦးရဲ့ ချစ်သူ ဘန်မှာလည်း အမြွှာညီအစ်ကို ရှိပေမယ့် ရုပ်ချင်းတော့ မတူကြပါဘူး။
လောလောဆယ်မှာ သူတို့ ၂ ဦးက ကလေးယူဖို့ အစီအစဉ် မရှိသေးပေမယ့် သူတို့ မိသားစုအစီအစဉ် စတဲ့အခါ ဘယ်လိုဖြစ်မယ်ဆိုတာကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြပါသေးတယ်။
“အကယ်၍ ကျမမှာ ကိုယ်ဝန်ရှိလာခဲ့ရင် လူစီမှာလည်း သေချာပေါက် ကိုယ်ဝန်ရှိလာမှာပါ။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ ကိုယ်ခန္ဓာတွေက တူညီနေဖို့ လိုတယ်လေ။ ကျမတို့က ကလေးတွေကိုလည်း ချစ်တယ်။ ကလေးတွေက ကျမတို့ကို ချစ်တာကိုလည်း နှစ်သက်တယ်။ ဒါပေမယ့် အခုတော့ ကလေးယူဖို့အချိန် မဟုတ်သေးဘူး” လို့ အန်နာက ပြောပါတယ်။
ဂျပန်ဟာသ တီဗွီရုပ်သံတွေ့ဆုံခန်းတခုအတွင်း မျက်နှာခွဲတဲ့ နည်းပညာကတောင် မခွဲခြားနိုင်ခဲ့ဘဲ ကမ္ဘာ့ရုပ်အတူဆုံး အမြွှာအဖြစ် သတ်မှတ်ခံရပြီးနောက် သူတို့ ၂ ဦး လူသိများ ကျော်ကြားလာခဲ့တာပါ။ အမြွှာ ၂ ဦးဟာ တမိနစ်လောက်သာခြားပြီး မွေးဖွားလာခဲ့ကာ ပိုရုပ်တူအောင် ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့တာက ပေါင် ၁ သိန်း ၃ သောင်းလောက် ကုန်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
တထပ်တည်းတူညီမှုရအောင် ဒီခွဲစိတ်ကုသမှုစာရင်းတွေထဲမှာ ရင်သားနဲ့ နှုတ်ခမ်း ခွဲစိတ်ပြုပြင်တာ၊ မျက်ခုံးမွေးနဲ့ မျက်တောင်အတုတွေ တပ်ဆင်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။