လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ သေဆုံးခဲ့ရသော ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးလေး နန်းဌေးဌေးဦး
10 Jan 2017 1,755 Views
ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးလေး မနန်းဌေးဌေးဦး အချစ်အတွက် မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဆိုသော ကနဦးသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းတွင် အခြားကောလဟလ သတင်းများ ထွက်ပေါ်လာခဲ့ပြီး မနန်းဌေးဌေးဦး သေဆုံးမှု အဖြစ်မှန် ပေါ်ပေါက်ရေးကို လိုလားကြသူများ ပို၍ များပြားလာခဲ့ပါတယ်။
မနန်းဌေးဌေးဦးဟာ ကရင်ပြည်နယ် ဖားအံမြို့က ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၂၂)နှစ်သာ ရှိပါသေးတယ်။ သူမဟာ ထိုင်နိုင်ငံရွေ့ပြောင်းနေထိုင်သူများ ဆင်းရဲမွဲတေမှု လျော့ချရေးသင်တန်းကို တက်ရောက်အောင်မြင်ပြီးသူ တစ်ဦးလည်းဖြစ်သည်။
အတည်မပြုနိုင်သေးသော နောက်ဆက်တွဲသတင်းများအရ မနန်းဌေးဌေးဦး၏ သူဌေးဖြစ်သူက သူမအလုပ်မဆင်တာ ရက်အနည်းငယ်ကြာနေသည့်အတွက် သူမနေထိုင်ရာ ကွန်ဒိုတိုက်ခန်းသို့ ဇန်နဝါရီ ၃ ရက် ၂၀၁၇ တွင်လာရောက်ခဲ့စဉ် နေအိမ်အခန်းတွင်း၌ သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ရပြီး ထိုင်းရဲများ၏ စစ်ဆေးချက်အရ သူမဟာ ဒီဇင်ဘာ ၃၁ ရက်နေ့လောက်ထဲက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကာ မိမိကိုယ်ကိုအဆုံးစီရင်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
သေဆုံးရသည့်အကြောင်းအရင်းကို အတိအကျမသိရှိရပဲ အလောင်းအား စစ်ဆေးပြီးနောက် အောက်ဆီဂျင်ပြတ်လပ်ကာ အသက်ရှုကျပ်သေဆုံးရခြင်းဖြစ်သည်ဟုသာ အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကြိုးဆွဲချသေဆုံးသည်ဟု ပြောပလောက်အောင် နေအိမ်တိုက်ခန်းအတွင်း၌ ကြိုးဆွဲချသေနိုင်လောက်သည့် တန်းများ မရှိခဲ့ကြောင်း သိရှိရသည်။ အမှန်တရားအတွက် သက်သေတစ်ခုဖြစ်နိုင်ချေရှိသော မနန်းဌေးဌေးဦး၏ လက်ကိုင်ဖုန်းကို ရဲအဖွဲ့က သိမ်းဆည်းခဲ့သည်။
သေဆုံးသူ မနန်းဌေးဌေးဦး၏ ရုပ်အလောင်းကို သီရိဖုံဓမ္မနိမိတ်ဘုန်းကြီးကျောင်းတွင်ထားရှိခဲ့ပြီး မီးသင်္ဂြိုလ်မည့်နောက်ဆုံးအချိန်ထိ မိတ်ဆွေသူငယ်ချင်းများက သူမ၏မျက်နှာကို နောက်ဆုံးအကြိမ်ကြည့်ခွင့်ရလိုသောလည်း သူမ၏ အစ်မအရင်းကိုယ်တိုင်က အခေါင်းကို လုံးဝဖွင့်ခွင့် မပြုပဲ ဇန်နဝါရီလ (၇)ရက်နေ့ နေ့လည် (၂)နာရီတွင် မီးသင်္ဂြိုလ်ခဲ့ကြောင်းသိရှိရသည်။
မနန်းဌေးဌေးဦး သေဆုံးခဲ့မှုတွင် သူမ၏ သူဌေး ပါဝင်ပက်သက်မှုရှိနိုင်ပြီး ထိုင်းရဲအာဏာပိုင်နှင့်တစ်ကွ သူမ၏ အစ်မဖြစ်သူတို့ကို နှုတ်ပိတ်လျော်ကြေးငွေ ပေးကာ အမှုကို ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုအဖြစ် လက်စသတ်ခဲ့ကြောင်း သံသယများစွာကျန်နေရစ်ခဲ့သည်။ မနန်းဌေးဌေးဦး သေဆုံးခဲ့မှုကို အမှုမှန်ပေါ်ပေါက်စေရန် ငွေကြေးတစ်ပြားတစ်ချပ်မှ အကုန်ကျခံစရာမလိုပဲ ရှေ့နေများနှင့် တရားဆွဲဆိုပေးသွားမည်ဟု မနန်းဌေးဌေးဦး သင်တန်းတက်ရောက်ခဲ့သော NCCM အဖွဲ့အစည်းမှ ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးဌာနမန်နေဂျာ ဒေါ်မီးလင်းဖြူက ကမ်းလှမ်းခဲ့သော်လည်း သူမ၏ အစ်မက ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။
မည်သို့ပင်ဖြစ်စေကာမှု မနန်းဌေးဌေးဦး၏ နောက်ဆုံးရုပ်အလောင်းကို မြင်တွေ့ခွင့်မရကြသူများအတွက် အရိုးပြာကျမှသာ ကြည့်ရှုနိုင်စေရန် ခင်းကျင်းထားသော အဖြစ်အပျက်က သူမကိုချစ်ခင်ကြသည့် အပေါင်းအသင်းများကြားထဲမှာ ပဟေဋိများစွာဖြင့် ကျန်နေရစ်သည်မှာ သေချာလှပါသည်။
သင်္ဂြိုလ်ခါနီးအချိန်ထိ အလောင်းကို ကြည့်ခွင့်ရရန် ကြိုးစားနေကြသော သူမ၏ အပေါင်းအသင်းများအား သုဿန်ဝန်ထမ်းက ခွင့်မပြုကြောင်း ဗီဒီယိုတွင် မြင်တွေ့နိုင်ပါသည်။
Source:MTFchannel