ပထမဆုံး Nokia အန်းဒရွိုက်ဖုန်းကို တရုတ်ပြည်သီးသန့် ရောင်းချဖြန့်ချိမည်
09 Jan 2017 1,293 Views
ပထမဆုံး Nokia အန်းဒရွိုက်ဖုန်းကို တရုတ်ပြည်သီးသန့် ရောင်းချဖြန့်ချိမည် ဇန်နဝါရီ-၈ – Nokia ရဲ့ပထမဆုံး အန်းဒရွိုက်ဖုန်းကို ၂၀၁၇ အစောပိုင်းမှာ တရုတ်နိုင်ငံအတွင်းမှာပဲ အထူးသီးသန့်ရောင်းချပေးသွားမယ် လို့ သိရပါတယ်။ သည်ဖုန်းကို တရုတ်ပြည်တွင်းအင်တာနက်အရောင်းကုမ္ပဏီကြီး ဖြစ်တဲ့ JD.com နဲ့ အကျိုးတူပူးပေါင်းပြီး ဈေးကွက်ဖြန့်ချိမှာဖြစ်ပါတယ်။ Nokia 6 ရဲ့ အဆင့်မြင့်ဒီဇိုင်းက ပြည်တွင်းဈေးကွက်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်လုပ်ရေးအဖွဲ့က ပြောပါတယ်။ သည်ကြေညာချက်ဟာ တခြားမိုဘိုင်းဖုန်းအသစ်တွေနဲ့ ဆက်စပ်ပစ္စည်းသစ်တွေကိုပွဲထုတ်နေတဲ့ လာ့စ်ဗီးဂပ်စ် မြို့မှ CES နည်းပညာပြပွဲနောက်ဆုံးရက်နဲ့ တိုက်ဆိုင်နေပါတယ်။
Nokia ကုမ္ပဏီဟာ သည်နာမည်နဲ့ ဖုန်းတွေထုတ်လုပ်ခြင်းမရှိတော့ပေမယ့် တခြားကုမ္ပဏီဖြစ်တဲ့ HMD Global ဆီကို ဘရန်းအမည်နဲ့လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။ သည်အန်းဒရွိုက်ဖုန်းကို အတော်လေးမျှော်လင့်ထားကြတာဖြစ်ပြီး ၎င်းဟာ window ဖုန်းတွေချည်းထွက်ရှိပြီး နောက်ပိုင်း စမတ်ဖုန်းလောကကို Nokia ပြန်လည်ဝင်ရောက်လာမယ့် သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Nokia ရဲ့မိုဘိုင်းဖုန်းတွေကို ဝယ်ယူခဲ့ပြီးနောက် Microsoft က သည်ဘရန်းကို တစ်နှစ်ခန့် အသုံးပြုခဲ့ပါတယ်။ Nokia ဟာ တစ်ချိန်က မိုဘိုင်းဖုန်းလောကကို လွှမ်းမိုးခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က iPhone စတင်ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းနဲ့ Google ရဲ့ အန်းဒရွိုက်စနစ်ထွက်ရှိလာပြီးနောက်ပိုင်း အတော်အကျပ်အတည်းကြုံခဲ့ရပါတယ်။ HMD Global က ၂၀၁၇ ခုနှစ်မှာ Nokia အမှတ်တံဆိပ်နဲ့အန်းဒရွိုက်ဖုန်းတွေအများအပြားထုတ်လုပ်မယ်လို့ အရင်တည်းကပြောထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ မှာကျင်းပမယ့် ဘာစီလိုနာရဲ့ Mobile World Congress အရောင်းပြပွဲမှာ ထပ်ပြီးအသေးစိတ် ဖော်ပြမယ်လို့ ခန့်မှန်းရပါတယ်။ ပထမဆုံးအန်းဒရွိုက်ဖုန်းကို တရုတ်ပြည်မှာစတင်ရောင်းချဖို့ HMD ရဲ့ဆုံးဖြတ်ချက်ဟာ ကမ္ဘာတလွှားက မတူညီတဲ့ဈေးကွက်တွေမှာရှိတဲ့ သုံးစွဲသူတွေရဲ့အမှန်တကယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သဘောဆန္ဒနဲ့ လုပ်ဆောင်ခဲ့တာပါလို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
” ၂၀၁၆ ခုနှစ်အတွင်း တရုတ်မှာစမတ်ဖုန်းသုံးစွဲသူ ၅၅၂ သန်းကျော်ရှိခဲ့တယ်။ ၂၀၁၇ မှာ သုံးစွဲသူအရေအတွက် ၅၉၃ သန်းရှိလာမယ်လို့ ခန့်မှန်းရတယ်။ ဒီနေရာက အဆင့်မြင့်ဒီဇိုင်းနဲ့အရည်အသွေးကို သုံးစွဲသူတွေ တန်ဖိုးထားကြမယ့် ဗျူဟာကျကျအရေးပါတဲ့ဈေးကွက်ပါပဲ” လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
Nokia 6 ဟာ နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်းဖြစ်တဲ့ Android 7.0 (Nougat) အပြင် ၅.၅ လက်မ Full-HD 1080p မျက်နှာပြင်၊ 16 megapixel ရှိတဲ့နောက်ကင်မရာ၊ ရှေ့ကင်မရာ 8 megapixel၊ RAM 4 GB နဲ့ Internal memory 64 GB ၊ Dolby Atmos အသံစနစ်တို့ပါရှိပါတယ်။ ဈေးနှုန်းကတော့ ၁၆၉၉ ယွမ် (၂၄၅ ဒေါ်လာ) ရှိတယ်လို့ သိရပါတယ်။ သည်ဈေးနှုန်းအရဆိုရင် Huawei ရဲ့ Honor 6X ထက် ဈေးအနည်းငယ်ပိုများနေပေမယ့် Xiaomi ရဲ့ Mi 5s ထက်တော့ ဈေးသက်သာနေမှာဖြစ်ပါ တယ်။
Credit ; kumudranews