တန်ဖိုးနည်း/သင့် အိမ်ယာများကို လိမ်လည်၍ ရယူထားပါက ငွေပြန်မအမ်းပဲ အခန်းသိမ်းခံရမည်
06 Jan 2017 1,515 Views

ဇန်နဝါရီလ ၄ ရက်နေ့က မန္တလေးမြို့ရှိ မြရည်နန္ဒာ တန်ဖိုးသင့် အိမ်ယာစီမံကိန်းမှ တိုက်ခန်းများအား မဲဖောက်ပေးရာတွင် တန်ဖိုးကြီးကားများနှင့် လာရောက်တန်းစီ စောင့်စားခဲ့မှုကြောင့် မန္တလေးကျုံးဘေးရှိ ၆၆ လမ်းအား ခတ္တယာယီပိတ်ပေးထားခဲ့ရသည်။ အဆိုပါ ဓါတ်ပုံများ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်သူများစွာ ရှိခဲ့သည့်အတွက် အဆိုပါဖြစ်ရပ်နှင့် ပက်သက်ပြီး ဝန်ကြီးဦးဇာနည်အောင်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ယာများကို အမှန်တစ်ကယ်နေစရာ တိုက်ခန်း၊ မြေ မရှိသူများအတွက် ရည်ရွယ်ဆောက်လုပ်ကာ မဲနှိုက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့ရာတွင် ယခင်အစိုးရ အဆက်ဆက်လက်ထက်တွင် ငွေကြေးပြည့်စုံသူများနှင့် အာဏာရှိသူများက နေထိုင်စရာ အိုးအိမ်များရှိသော်လည်း အမှန်တစ်ကယ် ဆင်းရဲချို့တဲ့ပြီး နေထိုင်စရာ အတည်တကျ မရှိသူများ၏ အခွင့်အရေးကို ဝင်လုပြီး ရယူခဲ့ခြင်းများ ရှိခဲ့သည့်အတွက် အစိုးရမှ အိမ်ယာများ တည်ဆောက်ပေးခဲ့သော်လည်း အိမ်ယာမဲ့ပြဿနာ၊ ကျူးကျော်ပြဿနာများမှာ ပြေလည်သွားခြင်းမရှိခဲ့ပေ။ ထို့အပြင် အဆိုပါ တိုက်ခန်းများကို လက်လွှဲရောင်းချခြင်းများ ရှိခဲ့သဖြင့် အိမ်ခြံမြေဈေးများ မတန်တဆ မြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ယခုလည်း မြရည်နန္ဒာအိမ်ယာအတွက် လျှောက်လွှာတန်းစီသူများမှာ တန်ဖိုးကြီးကားများနှင့် လာရောက် စောင့်ဆိုင်းနေသည့်အပေါ် ဝန်ကြီးဦးဇာနည်အောင်ကို မေးမြန်းခဲ့ရာတွင် ဝန်ကြီးက -
အရင်က အခုလိုအိမ်ယာပေးရင် လျှောက်လွှာမှာ လိမ်လျှောက်လဲ ဘာမှအရေးယူဆောင်ရွက်ခဲ့ခြင်းလဲမရှိဘူး။ စည်းကမ်းအတိုင်းမဆောင်ရွက်ခဲ့ဘူး။ အခုတော့အဲလိုမဟုတ်တော့ဘူး။ နေစရာနေရာ တရားဝင်အမည်ပေါက်ရှိနေပါလျက်၊ လိမ်လျှောက်ရင် သွင်းပြီးငွေပြန်မပေးပဲ အခန်းသိမ်းမယ်။ မဲပေါက်သူကိုယ်တိုင်မနေပဲ အငှားချရင်၊ ရောင်းရင်လည်းပြန်သိမ်းမယ်။ နောက်မလုပ်ရဲအောင် တကယ်လုပ်မယ်။ မဲပေါက်တဲ့သူတွေကိုလဲ ကြေငြာမှာပါ။ အဲဒီစာရင်းကိုကြည့်ပါ။ လိမ်လျှောက်ရင်ပြောပါ။
ဟု ဖြေကြားခဲ့သည်။
မဲပေါက်သူစာရင်းကိုလည်း ကြေငြာမည်ဖြစ်ပြီး မဲပေါက်သူများထဲတွင် နေစရာနေရာရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံပြနိုင်ပါက တိုင်ကြားနိုင်ကြောင်း သိရှိရသည့်အတွက် အခြေခံလူတန်းစားများ၏ အခွင့်အရေးကို ကာကွယ်လိုသူများအနေနှင့် မသမာသူများ၊ ဝိသမလောဘသားများကို ဖော်ထုတ်၍ တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။
Source:Tin Aung