ရွာသားများအား ရိုက်နှက်ခဲ့သည့်အဖြစ်မှန်နှင့် ကျူးလွန်သောရဲတပ်ဖွဲ့ဝင်များအား အရေးယူပြီ
02 Jan 2017 1,374 Views
ဇန်နဝါရီ (၁)ရက်နေ့ နံနက်ပိုင်းက လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော ရဲတပ်ဖွဲ့ဝင်အချို့က ရိုက်နှက်ကန်ကျောက်ခဲ့သည့် ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် မောင်တောမြို့နယ် နိုရူလာ ရဲကင်းစခန်း၌ အမှတ်(၂၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် (၁၁)ဦး လုံခြုံရေးဆောင်ရွပ်နေစဉ် အကြမ်းဖက်သမား (၆)ဦးမှ ဆိုင်ကယ်သုံးစီးဖြင့် လာရောက်၍ လက်နက်ငယ်နှင့် ပစ်ခတ်ခဲ့ရာ ဒုရဲတပ်ကြပ် မင်းမင်းစိုး ကျဆုံးခဲ့ပြီး၊ ရဲတပ်ကြပ် မျိုးဇော်ကိုတွင် ဒဏ်ရာများရရှိခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်သူများ ကိုးတန်ကောက်ကျေးရွာအတွင်းသို့ ဝင်ရောက်ရှောင်းတိမ်းနေသည့် သတင်းအရသော်လည်းကောင်း၊ နိုင်ငံခြားသံတမန်များ ကိုးတန်ကောက်ကျေးရွာသို့ ရောက်ရှိနေချိန် နိုဝင်ဘာလ (၃)ရက်နေ့တွင် မဟုတ်မမှန်လုပ်ကြံဖြန့်ဝေထားသော သာရွက်စာတမ်းများကို ကိုင်ဆောင်၍ ဆန္ဒပြနေသည်ဟူသော သတင်းနှစ်ရပ်အရ ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ (၅)ရက်နေ့တွင် ကိုးတန်ကောက်ကျေးရွာသို့ ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ကိုးတန်ကောက်ကျေးရွာသို့ ဝင်ရောက်ရှင်းလင်းရာတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော နူအာလောင်(၂၂ နှစ်)၊ ဆော်လီမူလာ(၃၅ နှစ်)နှင့် မာမွတ်နော်ဘီ(၃၂ နှစ်)တို့အား ဖော်ထုတ်ဖမ်းဆီးကာ အခြားကျေးရွာသားများကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုတွင်တွေ့ရသော မြင်ကွင်းမှာ ရွာသားများအား စုစည်းစဉ် ရိုက်နှက်ကန်ကျောက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင်နှင့် ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက်တို့ကို ကနဦးစိစစ်ဖော်ထုတ် ထိန်းသိမ်းထားပြီး ရိုက်နှက်ကန်ကျောက်သည့် အခြားရဲတပ်ဖွဲ့ဝင်များအား ဆက်လက်ဖော်ထုတ်ကာ ရဲစည်ကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။